သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်အဖိုးအိုတစ်ဦး လက်နက်ကျည်ထိမှန်၍ အပြင်းထန်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 9.1k

အိမ်စိုုးဖြူ
နိရဥ္စရာ၊ အောက်တိုဘာ ၅ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပြင်ရှည်အုပ်စု၊ စဖိုကျွန်းအနီးရှိ ကံပြင်ကျေးရွာတွင် ယနေ့နံနက် ၁၁ နာရီခန့်က အသက် ၇ဝကျော်အရွယ် စစ်ဘေးရှောင်အဖိုးအိုတစ်ဦး လက်နက်ကျည်ထိမှန်၍ ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။

၎င်း ဒဏ်ရာရရှိသူမှာ ဦးသင်္ကြန်လုံး(၇၆)နှစ်ဖြစ်သည်။ ၎င်းသည် ထီးစွဲကျေးရွာမှ ကံပြင်ကျေးရွာ စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိ ခိုလှုံနေသူဖြစ်ကြောင်း မိသားစုဝင်များကဆိုသည်။

သမီးဖြစ်သူ ဒေါ်မသန်းနွဲ့က “ ဇက်ရေယာဉ်က သေနတ်တွေပစ်ပြီးတက်လာတာ။ အဖေကို မောင်လေးက အိမ်အောက်ကို တွဲခေါ်ဆင်းလာတာမှာ ထိတာ။ ကျည်ဆံက တင်ပါးကဝင်ပြီး ဆီးခုံက ထွက်သွားတယ်။ နာလို့ အော်နေရှာတယ်။ အခုစေတီပြင် တိုက်နယ်ဆေးရုံကို ခေါ်သွားကြတယ်။ အခုလိုဖြစ်တာ ဝမ်းနည်းရတယ်” ဟုပြောသည်။

ကျည်ဆံမှာ ညာဖက်တင်ပါးမှဝင်ပြီး ဆီးအိမ်နားမှ ဖောက်ထွက်သွားခြင်းဖြစ်သဖြင့် စိုးရိမ်ရကြောင်း ၄င်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးမောင်သိန်းထွန်းက ပြောသည်။

“ ကျွန်တော်က ဇက်ရေယာဉ်တွေက ရသေ့တောင်ဘက်ကနေ ပြိန်းတောဘက်ကို မေယုမြစ်အတိုင်း ပစ်လို့တက်လာတော့ ဝပ်နေဖို့ပြောတယ်။ သူတို့လည်း အိမ်အောက်ကို ဆင်းပြေးတာထင်တယ်။ စေတီပြင် တိုက်နယ် ဆေးရုံကို စက်လှေနဲ့ ခေါ်သွားကြတယ် ” ဟု နေ့လယ် ၁၂ နာရီခန့်က ဆက်သွယ်စဉ် ပြောဆိုခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောဝေကလည်း ၄င်းသတင်း ဟုတ်မှန်ပြီး အဖိုးအိုမှာဒဏ်ရာပြင်းထန်ကြောင်း ကျေးရွာသားများ၏ပြောပြချက်အရ သိရသည်ဟု ဆိုသည်။

“ရွာသားတွေကို မေးကြည့်တော့ ဇက်ကနေလှမ်းပစ်တာမှာထိတာလို့ပြောတယ်။ အခုစေတီပြင်ဆေးရုံကို ခေါ်သွားကြတယ်။ အဲဒီဘက်မှာ တိုက်ပွဲဖြစ်တာလည်းမရှိပဲ ပစ်ပြီးတက်လာတယ်လို့ဆိုတယ်။ အဲဒီအဖိုးမှာ ထိတာဒဏ်ရာ ပြင်းတယ်လို့သိရတယ်။” ဟုပြောသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး( REC) ကလည်း အဆိုပါ အဖိုးအိုထိခိုက်ဒဏ်ရာရရှိမှုနှင့် ပတ်သက်ပြီး  သတင်းထုတ်ပြန်ထားကာ အဆိုပစ်ခတ်မှုမှာ မင်းကျွန်း၊ ထီးစွဲချောင်းဝအနီတွင် သွားလာနေသည့် ရေတပ်ဇက်ရေယာဉ်မှ ပစ်ခတ်ခြင်း ဖြစ်သည်ဟု ဆိုထားသည်။

၄င်းနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းအား ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါ။

ရသေ့တောင်မြို့နယ်ကျောက်တန်းနယ်အနီးတဝိုက်၌ ယမန်နေ့ညနေက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ည၈ နာရီခန့်တွင်  တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည်။

ယနေ့နံနက်တွင်လည်း  အဆိုပါ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ဇက်ရေယာဉ်များ မေယုမြစ်အတိုင်း တက်လာစဉ် ဘေးပတ်ဝန်းကျင်သို့ အဆက်မပြတ် ပစ်ခတ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။

ယခု စစ်ဘေးရှောင် အဖိုးအို ဒဏ်ရာရရှိခဲ့သည့် စဖိုကျွန်းကံပြင်မှာ မေယုမြစ် အနောက်ဘက်ခြမ်းတွင် တည်ရှိပြီး တိုက်ပွဲဖြစ်ပွားနေသော ကျောက်တန်း၊ အောင်သာစည်နှင့် ထီးစွဲမှာ မေယုမြစ် အရှေ့ဘက်ကမ်းတွင် မျက်နာချင်းဆိုင် တည်ရှိကြောင်း သိရသည်။

ရခိုင်တွင် တိုက်ပွဲများကြောင့်လည်း နေရပ်စွန့်ခွာထွက်ပြေးနေကြရသည့် စစ်ဘေးရှောင် ဦးရေမှာ ၂ သိန်းကျော်အထိ ရှိလာပြီဖြစ်သည်။

ဆက်စပ် သတင်းများ