ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ် ပြင်ဝန်းရွာတွင်မြေးဖိုးနှစ်ဦး၊ ကံပြင်ရွာတွင်သားဖနှစ်ဦးကျည်စထိမှန်ဒဏ်ရာရ၊ စေတီပြင်ရွာထဲကျသည့် လက်နက်ကြီးကျည်မပေါက်ကွဲခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 5k

အိ်မ်စိုးဖြူ
နိရဥ္စရာ၊ အောက်တိုဘာ ၆ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မေယုမြစ် အနောက်ဘက်တွင် တည်ရှိသည့် ပြင်ဝန်းရွာနှင့် ကံပြင်ရွာသို့ ယနေ့ နံနက် ၇ နာရီခန့်က လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲသဖြင့် မြေးဖိုးနှစ်ဦး၊ သားဖနှစ်ဦး စုစုပေါင်း   ၄ ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

စေတီပြင် ကျေးရွာသို့ ကျရောက်သည့် လက်နက်ကြီးကျည်များမှာ ပေါက်ကွဲမှုမရှိခဲ့ကြောင်း ဒေသခံများ၏ သတင်း ပေးပို့ချက်အရ သိရသည်။

လက်နက်ကြီးကျည်စထိမှန်ခဲ့သည့် ပြင်ဝန်းရွာမှ မြေးဖိုးနှစ်ဦးမှာ မောင်မျိုးသန့်ဇင် (၁ဝ)နှစ်နှင့် သူ၏အဖိုးဖြစ်သူ ဦးမောင်စိုး(၉၃)နှစ်တို့ ဖြစ်ကြပြီး ကံပြင်ရွာမှ ဒဏ်ရာရရှိသူ နှစ်ဦးမှာ ဦးအောင်သန်းစိန်(၅၂) နှစ်နှင့် သားဖြစ်သူ မောင်ငြိမ်းချမ်းအောင် (၁၃) နှစ်တို့ဖြစ်ကြသည်။

မောင်မျိုးသန့်ဇင်၏ ဖခင်ဖြစ်သူ ဦးရွှေနီမောင်က “ မေယုမြစ်နဲ့ရွာက နှစ်ဖာလုံလောက်ပဲကွာတာ။ နေဗီလေးစီး ပစ်ပြီးတက်လာတယ်။ စပီးဘုတ်အငယ်နှစ်စီးလည်းပါတယ်။ ရွာနားမှာတိုက်ပွဲဖြစ်တာ မရှိဘူး။ ကျွန်တော်တို့ အိမ်အောက်က ဗုန်းခိုကျင်းထဲဝပ်နေကြတဲ့အချိန်အိမ်ခေါင်မိုးက ဖောက်ပြီး ကြမ်းခင်းကိုဖောက်လို့ သားလေးနဲ့ အဖိုးဆီမှာ ထိတာပါ။ အဖိုးရဲ့ဝမ်းဗိုက်ဘေးကို ဖောက်ဝင်သွားတယ်။ သားလေးမှာ ဗိုက်ကို ရှပ်ထိသွားတာပါ” ဟုဆိုသည်။

လက်ရှိတွင် မြေးအဖိုးနှစ်ဦးဖြစ်ကြသည့် မောင်မျိုးသန့်ဇင်နှင့်အဖိုးဖြစ်သူ ဦးမောင်စိုးတို့ကို စေတီပြင် တိုက်နယ် ဆေးရုံသို့ပို့ဆောင်လိုက်ရသည်ဟု မိသားစုများက ပြောသည်။

ကံပြင်ရွာမှ ဒဏ်ရာရရှိသူ နှစ်ဦးဖြစ်ကြသည့် ဦးအောင်သန်းစိန်နှင့် သားဖြစ်သူမောင်ငြိမ်းချမ်းအောင်တို့မှာ ဒဏ်ရာ မပြင်းထန်သဖြင့် ရွာရှိ ကျန်းမာရေးဝန်ထမ်းဖြင့် ဆေးကုသမှု ခံယူနေသည်ဟု သိရသည်။

ကံပြင်ကျေးရွာအုပ်ချုပ်ရေးမှူးက “ ကံပြင်အုပ်စု တစ်ခုလုံးမှာ လက်နက်ကြီးကျည် အလုံး ၁ဝကျော်ကျပါတယ်။ အိမ်ခေါင်းမိုးတွေ ပျက်စီးတာရှိတယ်။ ကျောင်သင်ခန်းလည်း ပျက်စီးတာရှိပါတယ်။ လူတွေလည်း ထိခိုက်ဒဏ်ရာရကြပါတယ်” ဟု ပြောကြားသည်။

လက်နက်ကြီးကျည်ကျသည့် ပြင်ဝန်းနှင့် ကံပြင်ကျေးရွာများမှာ လက်ရှိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် ကျောက်တန်း၊ အောင်သာစည်၊ ထီးစွဲရွာတို့နှင့် တစ်ဖက်တစ်ကမ်းဖြစ်ပြီး ၎င်းရွာများမှာ မေယုမြစ် အနောက်ဘက်ကမ်း စေတီပြင်တိုက်နယ်တွင် တည်ရှိသည်။

၎င်းပြင် ယနေ့ နံနက်က စေတီပြင်ကျေးရွာမှ ဦးဘဟန်နှင့် ဦးကုလားယေတို့ နေအိမ်ထဲတွင် လက်နက်ကြီး ကျည်နှစ်လုံး ကျရောက်ခဲ့သော်လည်း မပေါက်ကွဲခဲ့သဖြင့် လူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်မှု မရှိခဲ့ကြောင်း ဒေသခံများက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

၄င်းတို့ ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပစ်ခတ်သည့်အတွက် စိတ်မကောင်း ဖြစ်ရကြောင်း ၄င်းကဆက်ပြောသည်။

စေတီပြင်ကျေးရွာမှ ရွာလူကြီးတစ်ဦးက “လက်နက်ကြီးကျည်တွေ ရွာထဲက အိမ်တွေပေါ်ကျပြီး မပေါက်ကွဲတဲ့ အတွက် တော်သေးတယ်။ နေဗီကနေ ပစ်တာ။ လူတွေကို အန္တရာယ်ဖြစ်မှာစိုးလို့ အခု အဲဒီ လက်နက်ကြီး ကျည်တွေကိုယူပြီး ချောင်းထဲပစ်ချလိုက်ကြတယ်” ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကလည်း ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

“တိုက်ပွဲဖြစ်တာမရှိပါဘူး။ ပြင်ဝန်းက ကလေးတစ်ယောက်နဲ့အဖိုးတစ်ယောက်ဆီမှာ လက်နက်ကြီး ကျည်ထိတယ်။ အခုစေတီပြင်ဆေးရုံကို ယူသွားကြတယ်။ စေတီပြင်ရွာက အိမ်တွေမှာ လက်နက်ကြီးကျပြီး မပေါက်ကွဲသေးဘူးလို့ ရွာသားတွေ ကြောက်လန့်ပြီး ဆက်သွယ်လာကြတယ်” ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းအား နိရဥ္စရာသတင်းဌာနမှ အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

ရသေ့တောင်မြို့နယ်ယမန်နေ့ နံနက်ကလည်း ဇက်ရေယာဉ်တန်းမှ ပစ်ခတ်သဖြင့် စဖိုကျွန်းကံပြင်ကျေးရွာမှ အလားတူ အဖိုးအိုတစ်ဦးလက်နက်ကျည်ထိမှန်ခဲ့ပြီး စေတီပြင်တိုက်နယ်ဆေးရုံမှ စစ်တွေဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ခဲ့ရသည်။

ရခို်င်ပြည်နယ်တွင် လက်နက်ကိုင်ပဋ္ဋိပက္ခများကြောင့် အရပ်သားပြည်သူ ကလေးငယ်များ၊  အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ အသက်အိုးအိမ်စွန့်ခွာထွက်ပြေးနေရသလို ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးခြင်းများ တစ်နေ့ထက်တစ်နေ့များလာနေကြောင်းပဋ္ဋိပက္ခ လေ့လာစောင့်ကြည့်ရေး အဖွဲ့များက ဝေဖန်ထောက်ပြမှုများ ရှိနေကြသည်။

ဆက်စပ် သတင်းများ