သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မြေပုံ-ညောင်ကန်ကျေးရွာမှ ရန်ကုန်သို့ ဆေးကုရန်ရောက်နေသည့်မနှင်းယုလှိုင် ဦးခေါင်းခွဲစိတ် ကုသရန်မလိုတော့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8.9k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၄/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာမှ လက်နက်ကြီးကျည်စ ဦးခေါင်းကို ထိမှန်ဒဏ်ရာရရှိခဲ့သည့် အသက် ၂၂ နှစ်အရွယ် မနှင်းယုလှိုင်မှာ ရန်ကုန်သို့ သွားရောက်ကုသမှုခံယူရသော်လည်း ခွဲစိတ်ရန် မလိုတော့ကြောင်း ဖခင်ဖြစ်သူ ဦးမောင်ဖြူသီးက ပြောသည်။

“စစ်တွေမှာ ကုသတုန်းက ဦးခေါင်းမှာ ကျည်စရှိနေသေးလို့ ရန်ကုန်ကို သွားကုရမယ်ပြောလို့ သွားတာ။ ဒီမှာ ဓါတ်မှန်ရိုက်ကြည့်တော့ ဦးခေါင်းမှာ အရိုးက ခေါက်သွားတာလို့ ပြောပါတယ်။ အဲဒါကြောင့် ကျည်စ မဟုတ်တော့လို့ ခွဲစိတ်ဖို့ မလိုတော့ပါဘူး” ဟု နိရဥ္စရာသု့ိ ပြောသည်။

မနှင်းယုလှိုင်မှာ သူမ၏ မိဘများနှင့်အတူ ဒီဇင်ဘာ ၂၂ ရက်နေ့က စစ်တွေမှ လေကြောင်းဖြင့် ရန်ကုန်ဆေးရုံသို့ ဆေးကုသမှုခံယူရန် သွားခဲ့ခြင်းဖြစ်ဖြစ်သည်။

လက်ရှိတွင် ခွဲစိတ်ကုသရန် မလိုတော့သော်လည်း သူမအား ဆေးရုံ၌ထားကာ ပုံမှန်အခြေနေပြန်ဖြစ်ရန် လေ့ကျင့်ခန်းများ ပြုလုပ်ပေးမည်ဖြစ်ကြောင်းကို ဆရာဝန်များက ပြောကြောင်း ဦးမောင်ဖြူသီးက ပြောသည်။

“သူ့ကို ဆေးရုံတင်ထားပြီးတော့ ဆရာဝန်က သီးသန့်နဲ့ လေ့ကျင့်ခန်းလုပ်ပေးမယ်လို့ ပြောပါတယ်။ ဘယ်လောက်ကြာမလဲတော့ မသိဘူး။ ဒါကြောင့် ကျွန်တော်တို့ လောလောဆယ် ရန်ကုန်က လာလို့ မရသေးဘူး။ သူက လမ်းတော့ ဖြည်းဖြည်းချင်းလျှောက်နိုင်တယ်။ စကားတော့ သိပ်မပြောနိုင်သေးဘူး။ မှတ်ဉာဏ်လည်း သိပ်မရသေးဘူး” ဟု ၄င်းက ဆက်ပြောသည်။

မနှင်းယုလှိုင်မှာ ကျည်ထိမှန်ဒဏ်ရရှိခဲ့ပြီးနောက် စစ်တွေဆေးရုံတွင် ၄၆ ရက်ကြာ ဆေးကုသမှုခံခဲ့ရကြောင်း မိသားစုဝင်များ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်နေ့က မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာအတွင်းသို့ အနီးအနားရှိ တပ်စခန်း တစ်ခုက ပစ်လိုက်သည့် လက်နက်ကြီးကျည် ရွာထဲ ကျရောက် ပေါက်ကွဲမှုကြောင့် ကလေးငယ် နှစ်ဦး အပါအဝင် ကျောင်းဆရာမ တစ်ဦးနှင့် အရပ်သားတစ်ဦး စုစုပေါင်း ၄ ဦး သေဆုံးသွားခဲ့ပြီး အဝေးသင် နောက်ဆုံးနှစ် ကျောင်းသူ မနှင်းယုလှိုင်အပါအဝင် ၁၄ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ရွာသားများ ပြောပြချက်အရ သိရသည်။

(ဓာတ်ပုံ- ဆရာသန်းထွန်းပို့စ်)

ဆက်စပ် သတင်းများ