ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

အမ်းမြို့အဝင် စစ်ဆေးရေးဂိတ်တွင် လူငယ်တစ်ဦးဖမ်းဆီးခံရ၊ ၎င်းမှာ AA အမာခံတပ်ဖွဲ့ဝင်ဟု တပ်မတော်မှ သတင်းထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 6.3k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇွန် ၁၄ / ၂ဝ၂ဝ

စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် ရွှေပြည်သစ်ခရီးသည်တင် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် လူငယ် တစ်ဦးကို အမ်းမြို့အဝင် စစ်ဆေးရေးဂိတ်၌ ဇွန်လ ၁ဝ ရက်နေ့ ည ၆ နာရီခန့်က ဖမ်းဆီးခဲ့သည်။

၎င်းလူငယ်မှာ AA အမာခံတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ယမန်နေ့ ညနေက ထုတ်ပြန်သည်။

ဖမ်းဆီးရမိသူမှာ ဦးလှရွှေမောင်၏သား မောင်ဇော်ဌေး အသက် (၂၁) နှစ် မြေပုံမြို့နယ်၊ ဒဂုံကျေးရွာတွင် နေထိုင်ပြီး AA အဖွဲ့အတွက် ရိက္ခာများ ပို့ဆောင်နေသူ တစ်ဦးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အဖမ်းအဆီး သတင်းနှင့် ပတ်သက်ပြီး ရွှေပြည်သစ်ကားဂိတ်သို့ ဆက်သွယ်ရာ ယာဉ်မောင်းကြီး ကိုနောင်ချေက ယခုလို ရှင်းပြ ပြောဆိုသည်။

 “ လူတစ်ယောက်အဖမ်းခံရတာကတော့ ဟုတ်ပါတယ်။ အဲဒါက ဒီလိုရှိပါတယ်။ အဲဒီနေ့က မနက် ဆယ်နာရီ ခွဲလောက်မှာ ယိုချောင်းအုတ်ကန်နားမှာ ကျနော်တို့က ထမင်းစားဖို့ဆိုပြီး ကားတန့်တယ်။ အဲဒီချိန်မှာ သူ့ကကားနဲ့ လိုက်မယ်ဆိုပြီးတော့ ပြောတယ်။ သူ့မှာ မှတ်ပုံတင်မပါဆိုတော့ ကျနော်တို့က သူကိုမခေါ်ဘူး။ ကျနော်တို့က သူကိုလိုက်လို့မရလို့ပြောပြီး ကျနော်တို့ ထမင်းစားနေကြတယ်။ ကျနော်တို့ ထမင်းစားနေတဲ့ အချိန်မှာ သူ့ကားပေါ်မှာ တက်ထိုင်နေတာကို ကျနော့်တို့ မသိလိုက်ဘူး။ ကားပေါ်မှာကလည်း လူတွေကလည်း သိပ်မပါဘူး။ ခုံလွတ်တွေကလည်း များတယ်ဆိုတော့ ကျနော်တို့ကလည်း သတိမထားမိလိုက်ဘူး။ အဲဒီ ဂိတ်ကိုရောက်ခါပြီးမှ မှတ်ပုံတင်မပါဘဲ တစ်ယောက်တွေ့တယ်ဆိုပြီး။ နာရီခွဲခန့် ကျနော်တို့ အဲဒီဂိတ်မှာ ကြာနေခဲ့တယ်။ သူ့လက်ထဲကလည်း ဖုန်းတစ်လုံးရသွားတယ်။ အဲဒါကြောင့် သူကိုလွှတ်ပေးလိုက်လို့ မရဘူးဆိုပြီး သူ့ကို ဖမ်းထားလိုက်တယ်” ဟု ပြောသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်ချက်တွင် “ ၎င်းမှာ ၂ဝ၁၉ ခုနှစ်၊ ဇွန်လ ၆ ရက်တွင် AA အဖွဲ့၏ သင်တန်းကိုတက်ရောက်ခဲ့ပြီး၊ မြေပုံမြို့နယ်၊ ဒဂုံကျေးရွာတွင်နေထိုင်ကာ AA အဖွဲ့ရိက္ခာများ ပို့ဆောင်ခြင်း ဆောင်ရွက်ခဲ့ကြောင်း၊ ၂ဝ၁၉ ခုနှစ် သြဂုတ်လတွင် ဒါးလက်ရွာဟောင်းအနီးရှိ AA စခန်းသို့ သွားရောက်နေထိုင်ခဲ့ပြီး၊ နေထိုင်စဉ် ပင်ပန်းဆင်းရဲမှု ဒဏ်အား မခံနိုင်သဖြင့် ထွက်ပြေးလာစဉ် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း” ရေးသားထားသည်။

အဆိုပါဖမ်းဆီးရမိသူအား ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာမြို့မ ရဲစခန်းသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်ဟု ရေးသားထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မြေပုံမြို့နယ်၊ ဒဂုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းလှိုင်အား နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်မေးမြန်းစဉ် အဆိုပါ ဖမ်းဆီးခံရသူမှာ ၎င်းတို့ ကျေးရွာသား မဟုတ်ကြောင်း ငြင်းဆိုသည်။

ရက္ခိုင့်တပ်တော် (AA) သို့ မီဒီယာများ အနေဖြင့် ဆက်သွယ်မေးမြန်းပါက အကြမ်းဖက်မှုပုဒ်မနှင့် တရားစွဲဆိုခြင်းခံရနိုင်သည်ဟု သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများက သတိပေး ပြောဆိုထားသဖြင့် ယခု အဖမ်းအဆီး ကိစ္စနှင့် ပတ်သက်ပြီး AA ဘက်က သဘောထားကို မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။ 


ဆက်စပ် သတင်းများ