ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ်မြောက်ပိုင်း အုန်းချောင်းရွာအနီးတိုက်ပွဲပြင်းထန်၊ ရွာသားများအိုးအိမ်စွန့်ခွာထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 1.6k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ ဇွန် ၁၅/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မြောက်ပိုင်း အုန်းချောင်းကျေးရွာအနီးတွင် ဇွန်လ ၁၄ ရက်နေ့ ညနေက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားသဖြင့် အနီးအနားရှိ ကျေးရွာသားများအားလုံး ရွာကို စွန့်ခွာ ထွက်ပြေး သွားကြသည်ဟု သတင်းရရှိသည်။

“ တိုက်ပွဲဖြစ်တာက ညနေ ၄ နာရီလောက်စပါတယ်။ အိုးဖောက်ကနေ သမီးလှရွာဟောင်း၊ အဲဒီကနေ အုန်းချောင်းရွာဘက်ကို လာတဲ့ တပ်မတော် စစ်ကြောင်းနဲ့ အေအေနဲ့ ရွာအဝင်မှာ ဖြစ်ကြတာပါ။ ဖြစ်တဲ့နေရာက လယ်ကွင်းပြင်ထဲမှာ ဖြစ်ကြတယ်လို့ ပြောပါတယ်။ သေနတ်ပစ်သံကြားတာနဲ့ ကျွန်တော်တို့ မိသားစုလည်း ထွက်ပြေး လာကြရပါတယ်” ဟု အမည်မဖော်လိုသူ သမီးလှ ရွာသစ်က ရွာလူကြီး တစ်ဦးက ပြောသည်။

လက်ရှိ ထွက်ပြေးနေကြရသော ကျေးရွာသားများမှာ အုန်းချောင်း၊ သမီးလှရွာသစ်၊ သမီးလှရွာဟောင်း၊  စျီးခေါင်း၊ မညှင်းတောင်၊ ကုန်တန်း၊ သပြေဆိပ်၊ အိုးဖောက် စသည့် ကျေးရွာများမှ ဖြစ်ကြောင်း၊ ထွက်ပြေးရသည်မှာ တစ်ယောက်မကျန် ထွက်ပြေးရသဖြင့် လူပေါင်း ထောင်နှင့်ချီ ရှိကြောင်း ၎င်းက ပြောကြားသည်။

အိုးဖောက်ကျေးရွာ ဒေသခံ တစ်ဦးက “ တိုက်ပွဲက ညနေ ၄ နာရီကနေ နေဝင် မိုးချုပ်တဲ့အထိ ဖြစ်ပါတယ်။ ညမိုးချုပ်တဲ့ အထိပစ်သံတွေကို ကြားရပါတယ်။ ပြင်းထန်ပါတယ်။ တပ်မတော်စစ်ကြောင်းက အိုးဖောက်ရွာကနေ ထွက်သွားတဲ့ စစ်ကြောင်းပါ။ အုန်းချောင်းရွာကို ဝင်တဲ့ လမ်းထက်မှာ ဖြစ်ကြတယ်လို့ သိရပါတယ်။ အထိအခိုက်တွေတော့ ရွာသားတွေအနေနဲ့ သိဖို့ မလွယ်ဘူး။ ဒီနေ့ မနက်တော့ ဘာအသံမှ မကြားရသေးဘူး” ဟု ပြောသည်။

အုန်းချောင်းကျေးရွာ ဒေသခံ တစ်ဦးသို့ဆက်သွယ်ရာ ၎င်းတို့မိသားစု အပါအဝင် တစ်ရွာသားလုံးမှာ သိုင်းတပုတ်၊ ရေကောင်းချောင်း၊ ခရုချောင်းကျေးရွာဘက်သို့ ထွက်ပြေးခဲ့ရကြောင်း ပြောကြားသည်။

“ တိုက်ပွဲက ပြင်းထန်ပါတယ်။ ရေစိုးချောင်းဗျူဟာနဲ့ မြစ်ထဲဇက်ရေယာဉ်ပေါ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပါတယ်။ ရွာထဲက စာသင်ကျောင်းကွင်းပြင်မှာ ကျရောက်ပေါက်ကွဲတာတွေလည်း ရှိပါတယ်။ တိုက်ပွဲ ဖြစ်တာက သမီးလှရွာသစ်ဘက်ကလာရင် အုန်းချောင်းရွာအဝင် လမ်းပေါ်မှာ ဖြစ်ကြတာပါ” ဟု ပြောကြားသည်။ 

ယခုလက်ရှိတွင် သမီးရွာသစ်အောက် မေယုမြစ်ထဲတွင်လည်း ရှေ့ပြေးရေယာဉ်တစ်စီးနှင့် ဇက်ရေယာဉ် နှစ်စီးရှိနေပြီး ၎င်းပတ်ဝန်းကျင်တွင်လည်း အခြေအနေတင်းမာနေသဖြင့် အခြေအနေ စိုးရိမ်နေရဆဲဟု ပြောကြားသည်။


ဆက်စပ် သတင်းများ