စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

တပ်မတော်မှနယ်မြေရှင်းလင်းရေးလုပ်မည်ဟု ကြေညာထားသော ကျောက်တန်းနယ်တွင်တိုက်ပွဲပြင်းထန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 3.4k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ ဇွန်လ ၂၆/၂ဝ၂ဝ

တပ်မတော်မှ နယ်မြေရှင်းလင်းရေးလုပ်မည်ဟု ကြေညာထားသည့် ရသေ့တောင်မြို့နယ်၊ ကျောက်တန်း နယ်မြေရှိ အောင်သာစည်ကျေးရွာအနီးတွင် ယနေ့နံနက် ၁၁ နာရီကျော်မှ ညနေပိုင်းထိ မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။ 

တိုက်ပွဲမှာ ကျောက်တန်းနယ်မြေအပိုင် ထီးစွဲရွာမှ အောင်သာစည်ရွာဘက်သို့ ထွက်ခွာလာသော တပ်မတော် စစ်ကြောင်းနှင့် AA တို့အကြား အောင်သာစည် ကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု အနီးအနားရှိ ကျေးရွာ တစ်ခုမှ အုပ်ချုပ်ရေးမှူးက ပြောသည်။

“ တိုက်ပွဲ ဖြစ်တာက နံနက် ၁၁ နာရီကျော်၊ ၁၂ နာရီလောက်စဖြစ်တာ။ ပြင်းပြင်းထန်ထန်ဖြစ်ကြပါတယ်။ အောင်သာစည် အနီးက တောင်မှာ ဖြစ်နေပါတယ်။ အခု ညနေပိုင်း ၅ နာရီ ၆ နာရီထိ သေနတ်သံတွေ ကြားရပါတယ်။ ရသေ့တောင်မြို့ပေါ်ကလည်း လက်နက်ကြီးတွေ ပစ်သံကြားရပါတယ်။ အခြေအနေ ဘာဖြစ်နေတယ်ဆိုတာ တိတိကျကျ မပြောနိုင်ပါ” ဟု ပြောသည်။  

ရသေ့တောင်မြို့နယ်၊ ကျောက်တန်း တိုက်နယ်တွင် တပ်မတော်မှ နယ်မြေရှင်းလင်းရေး ပြုလုပ်မည် ဖြစ်သဖြင့် ၎င်းနယ်မြေရှိ ကျေးရွာများတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ကျေးရွာများမှ ခေတ္တရှောင်တိမ်း နေထိုင်ကြရန်  ဇွန်လ ၂၄ ရက်နေ့က  ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ ညွှန်ကြားချက်အရ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကျေးရွာအုပ်ချုပ်ရေးမှူးများသို့ တရားဝင် အမိန့်ထုတ်ပြန်ခဲ့သည်။

၎င်းအမိန့်စာထုတ်ပြီး တစ်ရက်အကြာတွင် ၎င်းဒေသတွင် တိုက်ပွဲလည်း ပြင်းထန်စွာဖြစ်ပွားသဖြင့် ကျေးရွာအများအပြားမှ ရွာသားများမှာ ရွာကို စွန့်ခွာပြီး ရသေ့တောင်မြို့ပေါ်သို့ ထွက်ပြေးနေကြသည်ဟု ဆိုသည်။ 

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူ ဦးအောင်မြင့်သိန်းအားဆက်သွယ်ရာ အလုပ်မအားသဖြင့် မေးမြန်းနိုင်ခြင်း မရှိခဲ့သော်လည်း သူ၏ ကိုယ်ရေးအရာရှိက ကျောက်တန်းဘက်မှ ရွာသားများ ရသေ့တောင်မြို့ပေါ်သို့ ထွက်ပြေးလာကြသူများ ရှိသည်ဟု ပြောသည်။ 

 “ကျောက်တန်းဖက်က ရွာသားတွေ ထွက်ပြေးလာတယ်ဆိုတာ ကြားပါတယ်။ ကျွန်တော်တို့ ကို အသိပေး တာပေါ့နော်။ ကျောက်တန်းဖက်မှာ ဒီနေ့ ပစ်ခတ်မှုဖြစ်နေတယ်လို့ ကြားတယ်။ သတင်းအတိအကျတော့  တက်မလာသေးဘူး။ ထွက်ပြေးလာတဲ့ လူတွေကို ဘယ်လိုလုပ်ပေးမလဲဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ဆွေးနွေးနေကြပါတယ်” ဟု ၎င်းက ပြောသည်။

ယနေ့ ကျောက်တန်းကျေးရွာမှ ရသေ့တောင်မြို့ပေါ်သို့ ထွက်ပြေးလာသူ  မမချေက “ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်။ ထီးစွဲဖက်ကနေ ကျောက်တန်းဖက်ကို ပစ်တယ် ။ ရသေ့တောင်ကလည်း လက်နက်ကြီးပစ်တယ်။ ဒီမနက် ဆောက်ခတ်၊ အောင်မြေကုန်းက လူတွေ၊ ကျောက်တန်း၊ လိုင်ဂွင် ၊ လမုန်းတိုင်က လူတွေ ရသေ့တောင်မြို့ကို ထွက်ပြေးလာကြတယ်။ အခု ထွက်ပြေးလာကြတယ်။ ခန့်မှန်းခြေတောင် မရေတွက်နိုင်သေးဘူး။ လူတွေ သောင်းနဲ့ချီလို့ ရသေ့တောင်မှာ ရောက်နေကြတာ။ အစိုးရက စီစဉ်ပေးတာတော့ လောလောဆယ် မရှိသေးဘူး။ မြို့ထက်က ထမင်းထုပ်တွေ ပို့နေရတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ကျေးရွာသားများ ထွက်ပြေးနေကြသည့် ကျေးရွာများမှာ ကျောက်တန်း၊ ရေပုတ်၊ ဆောက်ခတ်၊ ထီးစွဲ၊ အောင်သာစည်၊ လိုင်ဂွင်၊ လမုန်းတိုင်၊ မညှင်းတောင်၊ ရေမျက်၊ ကုန်တန်း စသည့် ကျေးရွာအများအပြားမှ ဖြစ်ကြောင်း ရသေ့တောင်မြို့ပေါ်သို့ ရောက်ရှိနေသူ ကျောင်းဆရာကြီး တစ်ဦးကလည်း ပြောကြားသည်။

ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ ကျောက်တန်းဘက်မှာလည်း ဒီနေ့ တိုက်ပွဲ ဖြစ်တယ်။ ထီးစွဲ အဲဒီဘက်ကလူတွေလည်း ထွက်ပြေးနေကြတယ်။ ကြိမ်သာဘက်က လူတွေလည်း ရသေ့တောင်မြို့ပေါ်ထိ ရောက်လာကြတယ်။ ဆိုတော့ ဒီတစ်နှစ်ရက် အတွင်းမှာ ရွာပေါင်း ၁၅ ရွာ၊ ၁၆ ရွာလောက်က လူပေါင်း တစ်သောင်းခွဲ ကျော်နေပြီထင်တယ်။ ရသေ့တောင်မြို့ပေါ်ကို ရောက်လာတာ။ အရင်က ရောက်နေတဲ့ လူတွေတောင် စားရေးသောက်ရေး အခက်အခဲဆိုတော့ နောက်ရောက်လာတဲ့ လူတွေ အတွက် ပိုအခက်အခဲရှိနိုင်ပါတယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ တစ်သိန်းငါးသောင်းကျော်အထိ ရှိလာနေကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး REC က ဇွန်လ ၈ ရက်နေ့ ကထုတ်ပြန်ထားပြီး လက်ရှိ ဖြစ်နေသော အခြေအနေအရ စစ်ဘေးရှောင်ဦးရေမှာ ပိုမိုတိုးလာနိုင်သည်ဟု ဆိုသည်။ 


ဆက်စပ် သတင်းများ