သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ကျောက်တော် ဘုရားပေါင်းရွာတွင် လူပေါင်း ၂ဝ ကျော် ခေါ်ယူစစ်ဆေးခံနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 9.7k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ သြဂုတ် ၆/၂ဝ၂ဝ

ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာမှ ၁၉ ဦး၊ တောင်ပေါက်ရွာက ၃ ဦးနှင့် ပုဏ္ဏားရွာမှ ရွာသား ၁ ဦး၊ စုစုပေါင်း ၂၃ ဦးကို တပ်မတော်စစ်ကြောင်း တစ်ခုမှ ယမန်နေ့ညနေ ၆ နာရီကတည်းက ခေါ်ယူစစ်ဆေးနေကြောင်း ကျေးရွာသား တစ်ဦးက ပြောသည်။ 

ဘုရားပေါင်းကျေးရွာသားတစ်ဦးက “ မနေ့က ညနေ ၅ နာရီခွဲလောက်မှာ တပ်မတော်စစ်ကြောင်းတစ်ခုက ရွာထဲကို ဝင်လာပါတယ်။ ရွာသားတွေကို လမ်းပေါ်မှာ မတ်တပ်ရပ်စုခိုင်းပြီး ဒီရွာမှာ အေအေအမာခံ ဘယ်နှစ်ဦးရှိသလဲ။ ပိုက်ဆံဘယ်သူကောက်သလဲ။ ထမင်းဘယ်နှစ်ခါပို့သလဲဆိုပြီး မေးပါတယ်။ ပီးရင် ရွာထဲက မိန်းမယောကျ်ား ၃ဝ လောက်ကို ရွာဘုန်းတော်ကြီးကျောင်းဟောင်းကို ခေါ်သွားပါတယ်။ ညနေ ၇ နာရီကျော် ၈ နာရီလောက်မှာ မိန်းမတွေကို အိမ်ပြန်ခိုင်းလိုက်ပြီး ရွာသား ၁၉ ဦးကို ခေါ်ယူစစ်ဆေးနေပါတယ်။ ဒီကနေ့ထိ နေ့လယ် ၁၂ နာရီထိ ပြန်မလွှတ်သေးပါဘူး” ဟု ပြောသည်။

၎င်းပြင် စစ်ကြောင်းမှ လယ်လုပ်နေရာက ဖမ်းဆီးခေါ်ဆောင်လာသည့်  တောင်ပေါက်ရွာက ၃ ဦးနှင့် ပုဏ္ဏားရွာမှ ရွာသား ၁ ဦးတို့လည်း ပါဝင်သည်ဟု ၎င်းက ပြောကြားသည်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက “ ကျွန်တော်ကို မိသားစုတွေ တိုင်ကြားတဲ့ စာရင်းထဲမှာ  ဘုရားပေါင်းကျေးရွာမှ ၁၈ ဦးဆိုပြီး စာရင်းရပါတယ်။ တောင်ပေါက်ရွာက ၃ ဦးကိုလည်း လယ်လုပ်နေရာကနေ ခေါ်သွားတယ်လို့ မိသားစုတွေက လာရောက် အကြောင်းကြားပါတယ်။ သူတို့ကို မနေ့ ညနေကတည်းက ခေါ်သွားတာပါ။ အခုအချိန်ထိ ပြန်မလွှတ်သေးပါဘူး” ဟု ပြောကြားသည်.။

ဘုရားပေါင်းရွာတွင် အိမ်ခြေ ၂၄ဝ ခန့်ရှိပြီး ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်းရှိကာ ယခုလက်ရှိ ဘုန်းတော်ကြီးကျောင်းဟောင်းတွင် ရွာသားများကို ခေါ်ယူစစ်ဆေးနေသည်ဟု သိရသည်။

ရွာသားအများစုမှာလည်း ယခုဖြစ်ရပ်ကြောင့် ကြောက်လန့်စိုးရိမ်ပြီး ရွာကနေ ထွက်သွားကာ ရှောင်တိမ်းနေကြရသည်ဟု ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန့်နှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိသေးပါ။ 


ဆက်စပ် သတင်းများ