ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

အပေါက်ဝကျေးရွာမှ ဖမ်းဆီးခံရသူ ၅ ဦးထဲမှ ၃ ဦးပြန်လွတ်ပြီး ကျောင်းဆရာမဇနီးမောင်နှံကို ဆက်လက်ထိန်းသိမ်းထားဆဲဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 8.9k

ဆောင်းဇာခြည်

နိရဥ္စရာ၊ သြဂုတ် ၁၉/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှ ကျောင်းဆရာမ တစ်ဦးအပါအဝင် ၅ ဦးကို ယနေ့ နံနက် ၈ နာရီခွဲခန့်က တပ်မတော်စစ်ကြောင်းတစ်ခု ဖမ်းဆီးခေါ်ဆောင်သွားပြီး ယင်းအထဲမှ ၃ ဦးကို ပြန်လွတ်လိုက်ပြီး ဆရာမတို့ ဇနီးမောင်နှံနှစ်ဦးကို မွန်းလွဲ ၂ နာရီထိ ပြန်လွှတ်မပေးကြောင်း သတင်းရရှိသည်။

ဆက်လက် ဖမ်းဆီး ခံထားရသူ ကျောင်းဆရာမဇနီးမောင်နှံမှာ ကျောက်တော်မြို့နယ်၊ ဦးစွန်းတောင်ကျေးရွာ၌ မူလတန်းကျောင်းအုပ် တာဝန်ထမ်းဆောင်နေသည့် အပေါက်ဝကျေးရွာ၊ ပင်မရပ်ကွက်မှ ဒေါ်ခိုင်လှနု (၅ဝ) နှစ်၊ သူမ၏ ခင်ပွန်းဖြစ်သူ ဦးစံထွန်းဘော် (၅၅) နှစ် တို့ဖြစ်သည်။

လွတ်ပေးလိုက်သူ ၃ ဦးမှာ  ပြိန်းချောင်းကျေးရွာဇာတိ၊ အပေါက်ဝကျေးရွာတွင် သူရင်းငှား လုပ်နေသူ မောင်ထွန်းထွန်းဝင်း (၂၄) နှစ်၊ ကျောက်တော်မြို့ရှိ ကမ္ဘာ့ရတနာဘဏ်၌ လုံခြုံရေး တာဝန် ထမ်းဆောင်နေသည့် အပေါက်ဝကျေးရွာ၊ ချောင်းဖျားရပ်ကွက်နေ ဦးလှစိန်မောင်(၄၅) နှစ်နှင့် ဇော်နိုင်ဦး (၃၅) နှစ်တို့ဖြစ်ကြောင်း အပေါက်ဝကျေးရွာမှ ရပ်မိရပ်ဘတစ်ဦးက ပြောသည်။

ဆရာမ ဒေါ်ခိုင်လှနုခိုင်၏ သမီးဖြစ်သူ မချစ်စုစံက “မေမေနဲ့ ဘာဘာကို ဖမ်းထားပါတယ်။ မနက် ၈ နာရီကတည်းကပါ။ အခုအချိန်မလွတ်သေးပါဘူး။ မေမေရဲ့ မောင်က ကျွန်မရဲ့ ဦးလေးက အရင်က ရွာမှာ ဥက္ကဋ္ဌဟောင်းပါ။ ကျွန်မ ဦးလေးကို သူတို့ လိုက်ရှာနေတယ်။ ဥက္ကဋ္ဌဟောင်းကျွန်မ ဦးလေးမရှိလို့ ညီမဖြစ်သူ ကျွန်မအမေကို ဖမ်းသွားတယ်လို့ ဒီလိုဘဲ သိရပါတယ်။” ဟု ယနေ့မွန်းလွဲ ၂ နာရီကျော်က ပြောကြားသည်။

သူတို့အား လက်ရှိအချိန်တွင် အပေါက်ဝ ရဲစခန်းတွင်ထိန်းသိမ်းထားပြီး မိသားစုများအား မှတ်ပုံတင်နှင့် အိမ်ထောင်စု စာရင်းယူလာဆို၍ သွားပေးရန် စီစဉ်နေကြောင်း သူမက ပြောကြားသည်။ 

အပေါက်ဝကျေးရွာ ရပ်မိရပ်ဖ တစ်ဦးက “မနက်အစောကြီး စစ်သားတွေ အများကြီးနဲ့ ရဲစခန်းက ထွက်လာကြတယ်။ ကျွန်တော့် အိမ်ကိုလည်း တက်ပြီး မွှေနှောက်သွားတယ်။ ဘာရှာမှန်းလည်း မသိဘူး။ အကုန်လုံးအိမ်မှာ ထုရိုက်ပြီး ထားခဲ့တယ်။ သေတ္တာတွေ ကျိုးပဲ့ပြီး ကျန်ခဲ့တယ်။ အခု ဖမ်းသွားတဲ့ လူတွေကလည်း သူတို့ထွက်လာတာနဲ့ လမ်းမှာ တွေ့ပြီး ဖမ်းသွားတာ။ အခု ကျောင်းဆရာမ လင်မယားနှစ်ဦးကလွဲပြီး ရွာသား သုံးဦးကို ပြန်လွတ်ပေးလိုက်ပါတယ်” ဟု နိရဥ္စရာသို့ ၎င်းက ပြောသည်။

အဆိုပါ တပ်မတော်သားစစ်ကြောင်းမှာ အပေါက်ဝရဲစခန်းတွင် စခန်းချနေထိုင်သော တပ်မတော်သားများ ဖြစ်ကြောင်း၊ ယင်းတပ်မတော်သားများမှာ ရွာသားများအား ယခုကဲ့သို့ မကြာခဏ ဖမ်းဆီးခေါ်ဆောင်နေ၍ ဒေသခံမျာအနေဖြင့် စိုးရိမ်လျှက်ရှိကြကြောင်းလည်း ၎င်းက ပြောကြားသည်။ 

တစ်ခြား ကျေးရွာလူကြီးတစ်ဦးက “သူတို့က ရဲစခန်းမှာနေတာပါ။ အပစ်ခတ်လည်း မရှိဘူး။ သူတို့ မနက်အစောကြီးက လူအင်အား တစ်ရာလောက်နဲ့ ထွက်ပြီး အဲဒီချောင်းဖျားရပ်ကွက်ဘက်မှာ အိမ်တွေကို တက်ပြီး မွှေနှောက်တာတွေ လုပ်တယ်။ အခုကျွန်တော်တို့ရွာမှာ အကုန်လုံးက တိတ်ဆိတ်နေကြတယ်။ ဘယ်သူမှ အပြင်ကို မထွက်ရဲကြဘူး” ဟု နိရဥ္စရာသို့ ပြောသည်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ထိုကဲ့သို့ သတင်းများ ထွက်ပေါ်နေကြောင်း၊ သူ့အနေနှင့် သတင်းအတိကျအား အတည်ပြုနိုင်ရန် အဆက်အသွယ်လုပ်နေသေးကြောင်း ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ အဆက်သွယ်မရရှိခဲ့ပါ။

ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၃ နာရီခန့်ကလည်း အပေါက်ဝကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်မြ (၅၄) နှစ်အားလည်း နေအိမ်၌ရှိနေစဉ် ယင်းရဲစခန်းတွင် နေသည့် တပ်မတော်သားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယင်းနေ့ ညနေ ၅ နာရီခန့်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း  ကျေးရွာသားများ ပြောပြချက်အရ သိရသည်။


ဆက်စပ် သတင်းများ