သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဆရာတော်အပါအဝင်ရဟန်းသုံးပါးပျောက်ဆုံးနေသည့် မြောက်ဦးပြင်စျေးကျောင်းမှ လက်နက်နှင့်ခဲယမ်းများ သိမ်းဆည်းရမိဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 4k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ သြဂုတ် ၂ဝ/၂ဝ၂ဝ

ဆရာတော်တစ်ပါး အပါအဝင် ရဟန်းတော်နှစ်ပါးပျောက်ဆုံးနေသည့် မြောက်ဦး ပြင်စျီး(စျေး) ဘုန်းတော်ကြီးကျောင်းမှ လက်နက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရမိသည်ဟု သတင်းရရှိသည်။

ဆရာတော်များမရှိတော့သည့် ၎င်းဘုန်းတော်ကြီးကျောင်းကို စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက ယမန်နေ့ သြဂုတ် ၁၉ ရက်နေ့ ညနေ ၅ နာရီမှ ၉ နာရီထိ ဝင်ရောက်ရှာဖွေစဉ် ထိုသို့ သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း လော်ဂမူရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

“ စစ်တပ်နဲ့ရဲက အဲဒီကျောင်းကို ရောက်တဲ့ အချိန်မှာ ကျနော်ရယ်၊ ရာအိမ်မှူးတစ်ဦးရယ်၊ ကျောင်းတကာ သုံးဦးကို ခေါ်ပါတယ်။ ကျွန်တော်တို့ ရောက်သွားချိန်မှာ ကျောင်းပေါ်တက်ရှာတော့ ဆရာတော်နေတဲ့ ကျောင်းဆောင်က သေနတ် နှစ်လက်ရပါတယ်။ အမျိုးအစားကို မခေါ်တတ်ပါ။ ထိုင်းဘက်ကလာတဲ့ သေနတ်လို့ ပြောပါတယ်။ ကျောင်းနောက်ဘက်မှာရှိတဲ့ ကျောင်းဆောင်ငယ်ကတော့ ပါကင် နှစ်ခု၊ တစ်ခုမှာ နှစ်ကန့်ပါတယ်။ တစ်ကန့်မှာ ကျည်က ၂၅ဝ ကျည်ဆံ့တယ်။ လေးကန့်ဆိုတော့ ကျည်တစ်ထောင်၊ ဖိုးတီး အသီး ၁၄ လုံးနဲ့ အာရ်ပီဂျီအသီး ၃ လုံးရပါတယ်” ဟု ပြောကြားသည်။

၎င်းကျောင်းတွင် ကျောင်းထိုင်ဆရာတော်နှင့် ရဟန်းတော်တစ်ပါး၊ ကိုရင် တစ်ပါးတို့မှာ သြဂုတ် ၁၈ ရက်နေ့ ညဉ့်ကတည်းက ပျောက်နေပြီး လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းထွက်ပေါ်နေသည်။

“ အဲဒီပြင်စျေးကျောင်းမှာ ဆရာတော် တစ်ပါး၊ ရဟန်းတစ်ပါး၊ ကိုယ်ရင်တစ်ပါးရှိပါတယ်။ ဒီလ ၁၉ ရက်နေ့ မနက် ၆ နာရီလောက်မှာ ကျောင်းတကာတွေ မုန့်တီသွားကပ်တော့ ကျောင်းမှာ ရဟန်းတစ်ပါးမှ မရှိတော့ဘူး။ အဲဒါနဲ့ ကျွန်တော်ကို လာတိုင်ပါတယ်။ ကျောင်းတကာတွေလည်း ရဟန်းတော်တွေ ပျောက်နေတာ လောက်ကိုသာ သိတယ်။ ဘယ်လိုဖြစ်သလဲ။ လက်နက်ကိုင်အဖွဲ့က ဖမ်းသွားတာလား တိတိကျကျ မပြောနိုင်ပါဘူး။ ဆရာတော်တွေ မရှိတဲ့ အတွက် ကျောင်းကို လက်ရှိမှာ ပိတ်ထားပါတယ်” ဟု ပြောကြားသည်။

အလားတူ မြောက်ဦးမြို့ မြို့ဦးခေါင်းဆရာတော်မှာလည်း ပျောက်ဆုံးနေပြီး တပည့်တကာများအကြား စိုးရိမ်မှုများ ရှိနေကြသည်ဟု သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြောက်ဦးခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးတို့ကို ဖုန်းဆက်သွယ်ရာ လက်ခံဖြေဆိုခြင်း မရှိသလို မြောက်ဦးမြို့နယ်ရဲစခန်းသို့ ဆက်သွယ်ရာတွင်လည်း ဖုန်းမကိုင်သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ အတည်ပြုချက်ကို ရယူနိုင်ခြင်း မရှိသေးပါ။ 


ဆက်စပ် သတင်းများ