သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

တပ်မတော်စစ်ကြောင်းမှ ဖမ်းဆီးခေါ်ဆောင်ခံရသူ မင်းပြားကံဖေကျေးရွာသားများ ပြန်လွတ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.8k

ဆောင်းဇာခြည်
နိရဥ္စရာ၊ နိုဝင်ဘာ ၂/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကံဖေကျေးရွာမှ တပ်မတော်စစ်ကြောင်းတစ်ခုမှ  ဖမ်းဆီးခေါ်ဆောင်ခံရသည့်  ရွာသား ၄ ဦးမှာ ယနေ့ ညနေက ပြန်လွတ်လာသည်ဟု ကျေးရွာသားများက ပြောသည်။  

လွတ်မြောက်လာသည့် ကျေးရွာသား ၄ ဦးမှာ ဦးအဖြူ (၆ဝ) နှစ်၊ ဦးမောင်သန်း (၄၆) နှစ်၊ ဦးအောင်စိန် (၇ဝ) နှစ်နှင့် ဦးဝင်းမောင်ချေ (၄၅) နှစ်တို့ဖြစ်ကြသည်။

ယနေ့ နံနက် ၇ နာရီခန့်က အင်အား ၁၅ဝ ခန့်ပါသည့် တပ်မတော်စစ်ကြောင်းတစ်ခုက ကျေးရွာအတွင်း ဝင်ရောက်လာခဲ့ပြီးနောက် ၎င်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ကံဖေကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမောင်မြင့်ရီက ယနေ့ ညနေ ၆ နာရီခန့်က နိရဥ္စရာကို ပြောသည်။

“ ဒီနေ့ည ၄ နာရီလောက်မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။ အားလုံး ရွာကို ပြန်ရောက်လာကြတယ်။ ဒါပေမယ့် အနီးအနားမှာ စစ်ကြောင်းရောက်နေတယ်လို့ သတင်းရတဲ့ အတွက် ကံဖေကျေးရွာသားတွေ ထပ်မံ ထွက်ပြေးနေကြပါတယ်။ အဲဒီလူလေးယောက်လည်း ရှောင်နေကြတယ်” ဟု ၎င်းက ပြောသည်။

အိမ်ခြေ ၄၆ ဆောင်နှင့် လူဦးရေ ၁၈ဝ ခန့်ရှိပြီး ယင်းထဲမှ ကျေးရွာသား ၁၅ဝ ကျော်မှာ ယနေ့ ညနေ ၅ နာရီခန့်က မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်ဟု ဆိုသည်။

ကျေးရွာအတွင်း သက်ကြီးရွယ်အို  ၂ဝ ကျော်ခန့်သာ ကျန်ရှိနေခဲ့ကြောင်း ဦးမောင်မြင့်ရီက ပြောသည်။

“ အဲဒီမနက်က ရွာကိုရောက်လာတဲ့ စစ်သား တစ်ရာကျော်လောက်က အခု ဘူးတစ်လုံး မူဆလင်ရွာမှာ ငါးဆယ်ကျော်လောက်ရောက်နေတယ်။ အဲဒီ ငါးဆယ်ကျော်က ကျွန်တော်တို့ရွာဘက်ကို ပြန်လှည့်လာဖို့ အခြေနေရှိနေတယ်။ အဲဒါကြောင့် ရွာသားတွေက ခဏတဖြုတ်ထွက်ပြေးနေကြတယ်။ မိန်းမတွေ၊ ကလေးတွေလည်း ပါပါတယ်။ ရွာမှာက ၂ဝ ကျော်လောက်ပဲ ကျန်ခဲ့တယ်။”
မြောက်ဦးမြို့နယ်၊ ဘူးတစ်လုံး (မူဆလင်) ကျေးရွာမှာ ကံဖေကျေးရွာ၏ အနောက်မြောက်ထောင့် ၁ မိုင်ခွဲခန့်တွင် တည်ရှိပြီး မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာမှာ ကံဖေကျေးရွာ၏ မြောက်ဘက် ၂ မိုင်ခန့်အကွာ၌ တည်ရှိကြောင်း ကျေးရွာသားများ ပြောပြချက်အရ သိရသည်။

“မင်းပြားဘက်က နောက်တစ်စစ်ကြောင်းတစ်ခု ဒီညနေ ၅ နာရီလောက်မှာ ဆင်းလာတယ်လို့ ကြားပါတယ်။ အဲဒါတွေကြောင့် ရွာသားတွေက ထွက်ပြေးသွားကြပါပြီ။ အခုအချိန်က တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့ အရမ်းခက်ခဲပါတယ်။ ကျွန်တော်တို့လည်း ရှောင်နေကြရပါတယ်။” ဟု ကံဖေကျေးရွာမှ ဒေသခံရွာသားတစ်ဦးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

ဆက်စပ် သတင်းများ