သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရမ်းဗြဲမြို့နယ် မြို့ချွိန်ကျေးရွာမှ လူငယ် ၅ ဦးဖမ်းဆီးခေါ်ဆောင်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 7.8k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ နိုဝင်ဘာ၇/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းကျေးရာအုပ်စု၊ မြို့ချွိန်ကျေးရွာမှ လူငယ် ၅ ဦးကို တပ်မတော် စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရွာသားများက နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

၎င်းလူငယ် ၅ဦးတွင် ၂ ဦးကို နိုဝင်ဘာ ၃ ရက်နေ့ကလည်းကောင်း၊ နောက်ထပ် ၃ ဦးကို ယနေ့ နံနက်ပိုင်းကလည်းကောင်း ခေါ်ယူသွားခဲ့သည်ဟု ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။

ယနေ့ ခေါ်ဆောင်ခံရသူ လူငယ် ၃ ဦးမှာ ညီအစ်ကို နှစ်ဦးဖြစ်ကြသည့် ကိုထွန်းမင်းစိုး (၂၄) နှစ်နှင့် ကိုစွန်းရဲထက် (၁၅) နှစ် (ဘ) ဦးထွန်းယဉ်ဦးနှင့် ကိုစိုးမောင်ချေ (၂၅) နှစ် (ဘ) ဦးစောလှမောင်တို့ ဖြစ်ကြသည်ဟု ဆိုသည်။

နိုဝင်ဘာ ၃ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်ရသူ လူငယ် နှစ်ဦးမှာ ကိုအောင်ဌေးဝင်း (၁၉) နှစ် (ဘ)ဦးအောင်ထွန်းစိန်နှင့် ကိုညီစစ်(ခ) ညီထွေး (၁၈) နှစ် (ဘ) ဦးငသိန်းဟု ဆရာတော် ဦးဉာဏသာရက မိန့်ကြားသည်။

“ နိုဝင်ဘာလ ၃ ရက်နေ့က  ၂ယောက်ဖမ်းယူသွားတယ်။  အဲဒီနေ့က စစ်သား ၂ဝ လောက်က ညနေ ၄ နာရီကျော်လောက်မှာ ရွာထဲကို ဝင်လာပြီး ရွာက အသက် ၁၅ နှစ်အထက် လူတွေကို စာသင်ကျောင်းကို ခေါ်တယ်။ ပြီးတော့ အဲဒီထဲက နှစ်ယောက်ကို ဖမ်းယူသွားတယ်။ ဒီနေ့ မနက်ကလည်း ရွာထဲကို စစ်သား ၂ဝ လောက်ဝင်လာပြီ ၃ ယောက်ကို ဖမ်းယူသွားတယ်” ဟု ဆရာတော်က ပြောသည်။

အဆိုပါမြို့ချွိန် ကျေးရွာတွင် အိမ်ခြေ ၂၅ဝ ကျော်ရှိကာ ရပ်သူ၊ ရွာသားများမှာ စိုးရိမ်ကြောင်းကြပြီး ရွာထဲတွင် မနေရဲကြသဖြင့် နီးစပ်ရာကျေးရွာများနှင့် ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြကြောင်း၊ ယနေ့တွင် ၎င်းတပ်မတော်စစ်ကြောင်းမှာ ရွာကထွက်သွားပြီဟု သိရှိရကြောင်း ပြောကြားသည်။

မာန်အောင်နှင့်ကျောက်ဖြူမြို့နယ်ကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းလည်းဖြစ်၊ လက်ရှိ ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးကျော်လွင်က “ဒီိနေ့မနက် ၈ နာရီလောက်က လူငယ် သုံးယောက်ကို ဖမ်းယူသွားတယ်လို့ ပြောတယ်။ အခု အဖမ်းခံရတဲ့ လူတွေကတော့ အသက် ၂ဝ ဝန်းကျင် အရွယ်တွေပါ။ စစ်သားတွေက ရွာထဲကို ဝင်ပြီးတော့ စစ်ဆေးတယ်။ စစ်ဆေးပြီးတော့ ဖမ်းယူ သွားတယ်လို့ ပြောတယ်။ နိုဝင်ဘာလ ၃ ရက်နေ့ကလည်း ၂ ယောက်ကို ဖမ်းယူသွားတယ်လို့ ပြောတယ်။” ဟုပြောသည်။

တပ်မတော်စစ်ကြောင်းသည်  ဝါကျွတ်လပြည့်ကျော် ၂ ရက်နေ့က ဝင်ရောက်လာပြီး ယနေ့ ရွာကထွက်သွားပြီသည်ဟု ရွာသူ အမျိုးသမီး တစ်ဦးက ပြောသည်။

“ ကျွန်မတို့ကြောက်လို့ မရှိပြီ။ အခု ရွာသားတွေက ဘုန်းတော်ကြီးကျောင်းထဲမှာ နေကြတယ်။ စုပြီး အိပ်ကြတယ်။ ရွာထဲမှာက သက်ကြီးရွယ်အိုတွေလောက်ပဲ ရှိပါတယ်။ တချို့ ယောကျ်ားတွေ ဆိုရင်လည်း ကြောက်လို့ ထွက်ပြေးသွားကြပါပြီ” ဟု ၎င်း အမျိုးသမီးက ပြောသည်။

ဆက်စပ် သတင်းများ