ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရေစိုးချောင်းရွာသားများကို ဘုန်းကြီးကျောင်းတွင် စစ်တပ်က စုခိုင်းပြီး ဟောပြောမှုပြုလုပ်ကာ ပြန်လွှတ်ပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 7k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇူလိုင် ၁၄/ ၂ဝ၁၉

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရေစိုးချောင်းကျေးရွာမှ ရွာသားများကို  တပ်မတော် စစ်ကြောင်းတစ်ခုက ဘုန်းကြီးကျောင်း အတွင်းစုခိုင်းပြီး ဟောပြောမှုများပြုလုပ်ကာ ရွာသားများကို ပြန်လည် လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

ရွာသားများကို ဘုန်းကြီးကျောင်းအတွင်း ခေါ်ယူထားစဉ် တပ်မ (၂၂)မှ တပ်ရင်းမှူးတစ်ဦးက ရွာထဲသို့ တပ်မတော်သားများလာလျှင် မကြောက်ကြရန်၊ AA အနေဖြင့် ရပ်ရွာအနီးတွင် မိုင်းဗုံးများ မထောင်ကြရန်နှင့် ရပ်ရွာအနီး တိုက်ပွဲဖြစ်ပွားလျှင် ရွာသားများကို ထိခိုက်မည်ဟု ပြောဆို သွားခဲ့သည်ဟုလည်း ရွာသားများက ဆိုသည်။

"သူက AA အနေနဲ့ ဗုံးတွေမထောင်ကြဖို့၊ ရွာအနားမှာ တိုက်ပွဲတွေဖြစ်ရင် ရွာသားတွေထိခိုက်မယ်လို့ ပြောပါတယ်။ တပ်မတော်သားတွေ ရွာထဲလာရင်လည်း မကြောက်ကြဖို့၊ နောက်ပြီး တပ်မတော်သားတွေက ရွာထဲမှာ တစ်ခုခုကို အတင်းအဓမ္မယူရင်လည်း သူတို့ကိုလာတိုင်ဖို့ ပြောသွားပါတယ်"ဟု ရေစိုးချောင်းရွာသား ကိုအထွန်းက ပြောသည်။

တပ်မတော်ဘက်က ယင်းသို့ပြောဆိုခဲ့သော်လည်း ရွာသားများက တပ်မတော်သားများကို တစ်စုံတရာ ပြန်လည် ပြောဆိုဆွေးနွေးခဲ့ခြင်းမရှိခဲ့ဟု သိရသည်။

ရွာသားများကို ဘုန်းကြီးကျောင်းဝင်းအတွင်း စုခိုင်းထားချိန်တွင် ကျောင်းဝင်းအတွင်း၌ တပ်မတော်သားအင်အား ၂ဝ ခန့်ရှိပြီး ရွာအတွင်း အင်အား ၂ဝဝ ခန့် ဝိုင်းထားခဲ့ကြောင်းလည်း ရွာသားများက ပြောဆိုသည်။

ရေစိုးချောင်းကျေးရွာမှ အသက် ၁၈ နှစ်မှ အသက် ၆ဝ နှစ်အရွယ် အမျိုးသား ၁၆ဝ ခန့်ကို အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း ဇူလိုင်လ ၁၃ ရက်နေ့၊ ညနေ ၄ နာရီခွဲခန့်တွင် တပ်မ (၂၂)က ခေါ်ယူကာ စုခိုင်းထားခဲ့ခြင်းဖြစ်ပြီး ညနေ ၆ နာရီခွဲခန့်တွင် ပြန်လွှတ် ပေးလိုက်သည်ဟု ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင်က အတည်ပြု ပြောဆိုသည်။

"သူတို့တွေကို အခုပဲ ညနေ ၆ နာရီခွဲကျော်လောက်မှာ အားလုံးကို ပြန်လွှတ်ပေးလိုက်ပါတယ်။ ဘာမှ လုပ်တာတော့မရှိပါဘူး"ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင်က နိရဥ္စရာသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ပွဲများ ဖြစ်ပွားနေသော ဒေသအတွင်းရှိ ကျေးရွာများတွင် စစ်တပ်က ရွာကို ဝင်လာလျှင် ဖမ်းဆီးနှိပ်စက်မည်ကို ကြောက်လန့်စိုးရိမ်ပြီး တစ်ရွာလုံး ထွက်ပြေးမှုများရှိနေကြောင်း ဒေသခံများက ပြောကြားသည်။

ဆက်စပ် သတင်းများ