ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မြေပုံမြို့နယ် ပေါက်တူးတောင်ကျောက်မော်အနီးတွင် ရေတပ်သင်္ဘောနှစ်စီးနှင့် AA တို့ အကြားတိုက်ပွဲဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 8.2k

ခိုင်လူလှ(ရိုးမမြေ)
နိရဥ္စရာ၊ ၁၉/ ၂ဝ၁၉

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ကျယ်ပြန့်စွာ ဖြစ်ပွားလာနေရာမှာ ယနေ့နံနက်က မြေပုံမြို့နယ် ပေါက်တူးတောင် ကျေးရွာမှ ၂ မိုင်ခန့်ဝေးသည့် ကျောက်မော်အနီးတွင် ရေတပ်သင်္ဘောနှစ်စီးနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား  လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်မှု  ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

လက်နက်ကြီးသံများကို နံနက် ၉ နာရီမှ ၁ဝ နာရီကျော်ထိ ကြားနေရဆဲဖြစ်ကြောင်း ပေါက်တူးတောင်ကျေးရွာသားများက ပြောကြားသည်။

ပေါက်တူးတောင် ဒေသခံ တစ်ဦးက “ မနက်က ၈ နာရီလောက်မှာ ကျွန်တော်တို့ ပေါက်တူးတောင်က ၂ မိုင်ခန့်ဝေးတဲ့ ကျောက်မော်ကို နေဗီသင်္ဘော နှစ်စီးတက်လာတယ်လို့ သတင်းကြားရပါတယ်။ နံနက် ၉ နာရီခန့်မှာ  အဲဒီ သင်္ဘောနှစ်စီးကို အေအေလို့ထင်တာပေါ့နော်။ လက်နက်ကြီးနဲ့ လှမ်းထုတယ်လို့ ကြားပါတယ်။ ထိလား မထိလားဆိုတာတော့ ကျွန်တော်တို့ အတိအကျ မသိရဘူး။ နေဗီကလည်း အချက်ဘယ်နှစ်ချက် ပြန်ပစ်မှန်း မသိဘူး။ ပြန်လှမ်းထုပါတယ်။ ကျွန်တော်တို့ရွာက အသံတွေ ကြားနေရပါတယ်။ ရွာထဲမှ လက်နက်ကြီး နှစ်လုံးလာကျပါတယ်” ဟု နိရဥ္စရာသတင်းဌာနမှ ယနေ့နံနက် ၁ဝ နာရီ မိနစ် ၂ဝ ခန့်က ဆက်သွယ်စဉ် ပြောကြားသည်။

လက်နက်ကြီးကျည်နှစ်လုံးမှာ ကိုမောင်သန်းနု အိမ်နောက်ဘေးတွင် တစ်လုံး၊ နောက်တစ်လုံးမှာ ကိုသိန်းမြမောင် အိမ်အရှေ့ဘက်မှာ တစ်လုံးကျကြောင်း ၎င်းက ဆက်ပြောသည်။

“ အခု တစ်ရွာလုံး ထိတ်လန့်နေကြတာပေါ့။ ကြောက်တာပေါ့။ ကျွန်တော်တို့ နေရာမှာ အရင်ကလည်း မကြားဖူးဆိုတော့ အခု အကုန်လုံးထိတ်လန့်ကြတာပေါ့။ ကျောက်မော်က လူတွေ ရွာကို ထွက်ပြေးလာကြတယ်။ အခုလည်း လက်နက်ကြီးတွေ တစ်ဂျိန်းဂျိန်းထုနေပါတယ်။ အခုလည်း ဆက်ထုနေပါတယ်။ လက်နက်ကြီးတွေ အောက်ဖက်ကနေ ထုနေတာကို ကြားနေရပါတယ်။ နေဗီက နောက်ဆုတ်သွားတယ်လို့တော့ ကြားရပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အနီးအနားရှိ ပေါက်တူးတောင်၊ ရေကောင်းချိန်၊ ကျေးတောမှ လူများမှာရွာထဲတွင် စုနေကြပြီး လက်နက်ကြီးသံများကြောင်း ကြောက်လန့်နေကြသည်ဟု ပြောဆိုသည်။

ပေါက်တူးတောင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက “ ရွာကလူတွေကြောက်ပြီး အိမ်ထဲကို ဝင်ပြေးလာကြပါတယ်။ အရမ်းကြောက်နေကြပါတယ်။ ကျွန်မတို့ကတော့ ဘယ်ကိုမှ ထွက်မပြေးသေးဘူး။ မိသားစုတွေ အိမ်မှာဘဲ ရှိနေကြတယ်။ ကြောက်ပြီး ကိုယ့်အိမ်ထဲမှာ နေကြပါတယ်။ သရက်အုပ်ဘက်က လူတွေက ပေါက်တူးတောင် အရှေ့ဘက်က ဇေယျသုခ ဘုန်းတော်ကြီးကျောင်းကို တက်ပြေးသွားတယ်လို့ ကြားရပါတယ်” ဟု ပြောကြားသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဖုန်းဖြင့် နာရီဝက်ခြားပြီး နှစ်ကြိမ် ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးသဖြင့် တပ်ဘက်က အတည်ပြုချက်ကို ရယူနိုင်ခြင်း မရှိသေးပါ။ 

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “ အခု ဖြစ်တဲ့ နေရာက မြေပုံမြို့နယ်နဲ့ အမ်းမြို့နယ် အစပ် တောင်ဆိတ်မြစ်လို့ ခေါ်ပါတယ်။ အဲဒီအနားမှာ ကျောက်မော်ဆိုတာရှိပါတယ်။ အဲဒီနေရာကနေ မနေ့က တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ အမ်းမြို့နယ် မဲသံကြိုးအနီးက တောင်တွေကို နေဗီကနေ လက်နက်ကြီးနဲ့ ဆယ်ကိုးချက်လောက် လှမ်းထုတယ်လို့ သိရပါတယ်။ အဲဒီနောက် အေအေက လာပြီး နေဗီကို လက်နက်ကြီး ဒုံးနဲ့ ပစ်တယ်လို့ ပြောပါတယ်။ ဒုံးဆိုပေမယ့် ဘယ်လက်နက် အမျိုးအစားဆိုတာတော့ ကျွန်တော် မသိဘူး။ အခုတော့ နေဗီ နှစ်စီးပြန်ဆုတ်သွားပြီလို့ သိရပါတယ်။ အဲဒီဖြစ်တဲ့ နေရာက တောင်တွေပတ်လည်ရှိနေတော့ ဒေသခံတွေ တောင်ပေါ်ကနေ လှမ်းကြည့်ပြီး ကျွန်တော်ဆီကို ဖုန်းဆက် အကြောင်းကြားတဲ့ အတွက် သိရတာပါ။ ကျွန်တော်လည်း ဒီလောက်ဘဲ သတင်းရပါတယ်။ ဒေသခံတွေ အကြားမှာတော့ သတင်းတွေ အမျိုးမျိုးထွက်နေတာတွေတော့ ရှိပါတယ်။ ရူးဘက်ကတော့ မနေ့က တိုက်ပွဲ ဖြစ်ပွားတဲ့ မဲသံချောင်းဘက်ကနေ လက်နက်ကြီးတွေ ကြားရတယ်ဆိုပြီး ပြောပါတယ်။ နောက်ဆုံး ဘာဖြစ်နေသလဲဆိုတဲ့ သတင်းတော့ ကျွန်တော် မရသေးပါဘူး” ဟု ပြောကြားသည်။ 

ယမန်နေ့ နံနက်ပိုင်းကလည်း အမ်းမြို့နယ် မဲသံကြိုးကျေးရွာအနီးတွင် မြန်မာတပ်မတော်စစ်ကြောင်းတစ်ခုနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

ဆက်စပ် သတင်းများ