ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရသေ့တောင်မြို့အနီး မေယူမြစ်အတွင်း ရေတပ်သင်္ဘောတစ်စီး ထပ်မံတိုက်ခိုက်ခံရ၊ အနီးအနားရှိ ကျေးရွာသားများ ကြောက်လန့်ထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 1.7k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဇူလိူင် ၂ဝ/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မေယုမြစ်အတွင်း ရေတပ်သင်္ဘောတစ်စီး ယနေ့နံနက်ပိုင်းက လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရသည်။ ၎င်းနောက် အနီးအနားရှိ ပြာပင်ရင်း၊ လုံးတင်ရွာနှင့် ခတောက်ချောင်းကျေးရွာများမှ ရွာသားများသည် ကြောက်လန့်စိုးရိမ်ပြီး ရွာကို စွန့်ခွာထွက်ပြေးခဲ့ကြသည်ဟု သတင်းရရှိသည်။

၎င်းပြင် မေယူကမ်းရှိကျေးရွာများနှင့် ရသေ့တောင်မြို့အကြား မေယူမြစ်ကို ဖြတ်သန်းသွားလာနေသည့် စက်လှေ အသွားအလာများမှာလည်း ပြတ်တောက်နေကြောင်း သတင်းရရှိသည်။

ရသေ့တောင်မြို့နယ် ပြာပင်ရင်းကျေးရွာ အရပ်လူကြီး တစ်ဦးက “ ကျွန်တော်တို့ သေနတ်သံစကြားတာက နံနက် ၅ နာရီ ၄ဝ လောက်မှာဖြစ်ပါတယ်။ ပထမ လက်နက်ကြီး နှစ်ချက်၊ သုံးချက်ကြားရပါတယ်။ ပြီးတာနဲ့ လက်နက်ငယ် သံတွေ ဆက်တိုက်ကြားရပါတယ်။ ပစ်ခတ်သံက ၅ မိနစ်လောက်ဘဲ ကြားရပါတယ်။ နီးနီးလေး မြစ်ဘက်က ကြားရတယ်။ ဘယ်သူက ပစ်တယ် ဆိုတာကိုတော့ ကျွန်တော်တို့ မသိဘူး။  သေနတ်သံတွေ ကြားတာနဲ့ ကျွန်တော်တို့ရွာသားတွေ အကုန်လုံး ရွာကိုစွန့်ခွာထွက်ပြေးလာကြပါတယ်။ ကျွန်တော်တို့လည်း တစ်ခြားရွာတွေမှာ တိုက်ပွဲဖြစ်ရင် ဖြစ်တာတွေကို မြင်ထားတော့ ကြောက်ပြီး ထွက်ပြေးလာကြတာပါ”ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။   

ပြာပင်ရင်းကျေးရွာမှာ အိမ်ခြေ ၁ဝဝ ကျော်ရှိပြီး ယခုအခါ လူပေါင်း ၃ဝဝ ကျော်သည် ရန်အောင်ပြင်ကျေးရွာသို့ ထွက်ပြေးရောက်ရှိနေကြောင်း ၎င်းက ပြောကြားသည်။

ယနေ့ စေတီပြင် စက်လှေတစ်စီး ရသေ့တောင်သို့ သွားရာ မေယူမြစ်ထဲရပ်နားထားသည့် နေဗီတစ်စီးမှ လှမ်းတားပြီး သွားခွင့်မပြုသဖြင့် ရွာကို လှည့်ပြန်ခဲ့ရသည်ဟု သိရသည်။ 

“ ဒီနေ့ စေတီပြင်ကဒေါ်နီနီသန်း စက်လှေလိုင်း အလှည့်ပါ။ ဒီကနေ့ မနက်က ရသေ့တောင်ကို ထွက်သွားပါတယ်။ မေယုမြစ်မှာ နေဗီက တားပြီး သွားခွင့်မပြုတဲ့ အတွက် ရွာကို လှည့်ပြန်လာခဲ့ရပါတယ်” ဟု ကျေးရွာ လူကြီး တစ်ဦးဖြစ်သူ ဦးခင်ဝင်းက ပြောကြာသည်။

ရသေ့တောင်မြို့ပေါ်သို့လည်း နယ်မှ စက်လှေများ မရောက်ရှိကြောင်း သိရသည်။

ရသေ့တောင်မြို့ပေါ်မှ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးဦးသာဇံက “ ဒီနေ့ မနက်အစောကြီး အချိန်မှာ ပစ်ခတ်သံ အကျယ်ကြီးကြားရတယ်လို့ ပြောပါတယ်။ မေယူမြစ်ထဲမှာရှိတဲ့ ရေတပ်သင်္ဘောတစ်စီးကို  AA ကနေ တိုက်ခိုက်တယ်လို့ ပြောတယ်။ ဒီအတွက် ဒီနေ့ မယူကမ်းဘက်က စက်လှေ တစ်စီးမှ မလာဘူး။ နေ့တိုင်းဆိုရင် ၁ဝ စီးလောက် လူအပြည့်နဲ့ ရောက်တယ်။ ဒါကြောင့် ဒီကနေ့ ရသေ့တောင်မြို့ပေါ်က စျေးဆိုင်တွေလည်း အရောင်းအချ မကောင်းဘူး။ ၄ နာရီလောက်ကတည်းက ဆိုင်တွေ စောစောစီးစီးပိတ်သွားတယ်။ ခုလို တိုက်ခိုက်မှု ဖြစ်တယ်ဆိုတဲ့ သတင်းကြောင့် လူတွေလည်း ကြောက်လန့်စိုးရိမ်နေကြပါတယ်” ဟု ပြောသည်။ 

၎င်းတိုက်ခိုက်မှုကြောင့် နေဗီတွင် ပျက်စီမှုတစ်ချို့ရှိခဲ့ကြောင်း၊ ယခုအခါ ၎င်းသင်္ဘောကို ရသေ့တောင်မြို့ အနီးရှိ မေယူမြစ်ထဲတွင် ရပ်နားထားကြောင်း ဒေသခံများက ပြောကြားသည်။ မည်မျှ အပျက်အစီးရှိသည်ကို နိရဥ္စရာသတင်းဌာန အနေဖြင့် အသေးစိတ်မသိရှိရပါ။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦး ဆက်သွယ်ရာတွင်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိ၍ ဖြစ်စဉ်ကို မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

ယခုကဲ့သို့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့သဖြင့် အနီးအနားရှိ ပြာပင်ရင်း၊ လုံးတင်ရွာနှင့် ခတောက်ချောင်းမှ ကျေးရွာသားများသည် နီးစပ်ရာသို့ ထွက်ပြေးခိုလှုံနေကြသည်ဟု သိရသည်။


ဆက်စပ် သတင်းများ