သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မြောက်ဦးတောင်မြင့်ကျေးရွာမှ လူငယ်တစ်ဦးကျည်ထိမှန်၍ ဆေးရုံတင်ထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 7.2k

နိရဥ္စရာ၊ ဇူလိူင် ၂၃ ရက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တောင်မြင့်ကျေးရွာမှ မိသားစု တစ်စုသည် တိမ်ညိုကျေးရွာသို့ စက်လှေဖြင့် လာရောက်စဉ် စစ်တပ်ကပစ်ခတ်၍ လူငယ် တစ်ဦးတွင် ကျည်ဆံထိမှန်သွားသဖြင့် လက်ရှိ တိမ်ညို တိုက်နယ်ဆေးရုံတွင် တင်ထားရသည်ဟု သတင်းရရှိသည်။

၎င်းလူငယ်မှာ ဘိုသန်းထွန်း (၂၂) နှစ် (ဘ) ဦးမောင်မြခင် ဖြစ်ကြောင်း သိရသည်။

အစ်မ ဖြစ်သူက “ ဒီနေ့ နေ့လယ် ၁ နာရီက ဖြစ်တာပါ။ ကျွန်မတို့ လင်မယားနှစ်ယောက်၊ မောင်လေး နှစ်ယောက်  လယ်သို့ စက်လှေနဲ့ စပါးကြဲမလို့ သွားတာပါ။ အဲဒါမှ တိမ်ညို ဒိုင်ကွင်းကနေ စစ်တပ်က လိုက်ပြီး ပစ်ပါတယ်။ အချက်ပေါင်း ရေတွက်မရနိုင်အောင်ပစ်ပါတယ်။ အမွှာပူး မွေးတဲ့ မောင်လေးနှစ်ယောက်မှာ အကြီးမောင်လေးဆီမှာ ထိမှန်သွားပါတယ်” ဟု ပြောသည်။

ဒဏ်ရာက ဦးခေါင်းတွင် ရသွားပြီး တိမ်ညိုတိုက်နယ် ဆေးရုံ ဆရာဝန်က စမ်းသပ် စစ်ဆေးကြောင်း ပြောကြားသည်။

“ ဒဏ်ရာက ဦးခေါင်းမှာထိသွားတော့ ဒဏ်ရာပြင်းတဲ့အတွက် မိသားစုက စိုးရိမ်နေကြပါတယ်။ အခုတော့ ဘာမှ မသိရသေးဘူး။ စမ်းသပ်နေတဲ့ အချိန်ဖြစ်နေပါတယ်” ဟု ပြောကြားသည်။

တိမ်ညို ကျေးရွာ အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ လူငယ်တစ်ဦး ကျည်ဆံထိမှန်သွားသည်မှာမှန်ကန်ကြောင်း၊ တိမ်ညိုဘက်သို့ အလာ စစ်တပ်က ဒိုင်ကွင်းမှ နေ၍ ပစ်ခတ်မှု ဖြစ်စဉ် တစ်ခုအတွင်း ကျည်ဆံထိမှန်သွားသည်ဟု သိရကြောင်း၊ စစ်တပ်က ပစ်ခတ်မှုဖြစ်စဉ်တွင် ဝင်ပါသွား၍ ထိသလား၊ စက်လှေကို တမင်ပစ်သလားဆိုသည်ကို မသိရှိရကြောင်း ပြောကြားသည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ သူတို့က တောင်မြင့်ရွာက၊ ပေါက်ပင်ကွင်းဘက်မှာ လယ်လုပ်တော့ စပါးမျိုးစေ့တွေနဲ့ စပါးကြဲဖို့သွားတာလို့ သိရပါတယ်။ စက်လှေပေါ်မှာ စပါး ၄ အိတ်ပါတယ်လို့ သိရတယ်။ လင်မယားနှစ်ယောက်နဲ့ အဲဒီမိန်းခလေးရဲ့ မောင်နှစ်ယောက်ပါတယ်လို့ သိရပါတယ်။ ဒီနေ့ မနက်ကလည်း လက္ကာချောင်းတံတားဦးမှာ မိုင်းတစ်လုံးပေါက်တယ်လို့ ရွာသားတွေက ပြောပါတယ်။ ဒါနဲ့များ စစ်တပ်က မသင်္ကာလို့ ပစ်တာလား၊ တိတိကျကျတော့ မပြောတတ်ဘူး။ ပစ်တာကတော့ တော်တော်များများ ပစ်တယ်လို့ ပြောတာဘဲ” ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဆက်သွယ်ရာ အဆက်အသွယ် မရရှိသေးပါ။

ဆက်စပ် သတင်းများ