သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် မိုင်းပေါက်ကွဲမှုများရှိ၍ ဒေသခံများစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 6.5k

သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇူလိူင် ၃၁/၂ဝ၁၉

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် ယမန်နေ့နှင့် ယနေ့တွင် မိုင်းပေါက်ကွဲမှုများရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပက်ခွက်ဆိပ်ကျေးရွာအနီး မိုင်း (၂)လုံးပေါက်ကွဲခဲ့ကြောင်း၊  ပက်ခွက်ဆိပ်ကျေးရွာ မြောက်ဘက် တဖာလုံခန့်အကွာ ဗိုလ်တစ်ထောင် ဘုန်းတော်ကြီးကျောက်အနီးတွင် စစ်တွေ- ရန်ကုန်ကားလမ်းမပေါ် ယနေ့နံနက် ၇နာရီခန့်က ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ပက်ခွက်ဆိပ် ကျေးရွာသားတစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“မိုင်းပေါက်တာတော့ ဟုတ်ပါတယ်။ စစ်တွေ- ရန်ကုန် ကားလမ်းမပေါ်မှာ တစ်ဘက်တစ်လုံး ပေါက်တာပါ။ မိုင်းပေါက်လို့ ရွာကလူတွေကို စစ်တပ်က စစ်ဆေးတယ်။ နောက်ပြီးတော့ရွာက ဦးသန်းဝင်းဆိုတဲ့လူကို စစ်ဆေးပြီးတော့ ကြက်တွေဝယ်ပြီး ထင်းတွေ နဲ့ ဘုန်းကြီးကျောင်းကို တက်သွားပါတယ်” ဟု ၎င်းက ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် စစ်တပ်က ကျေးရွာအတွင်း ဝင်ရောက်စစ်ဆေးမှုများ ရှိနေကြောင်း၊ ထိုသို့စစ်ဆေးမှုများကြောင့် ကျေးရွာသားများ ကြောက်လန့်စိုးရိမ်းနေရကြောင်း သူကဆက်လက် ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမောင်အား ဆက်သွယ်မေးမြန်းခဲ့ရာ မိုင်းပေါက်ကွဲမှုမှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

“မိုင်း ၂လုံးပေါက်တာတော့ကြားပါတယ်။ ပက်ခွက်ဆိပ်အုပ်စုမှာလေ ဘုရာပေါ်တဲ့ နားမှာလို့ ကြားပါတယ်။ နေရာတော့ အတိအကျ မသိ။ အဲဒီနားမှာတော့ ၂လုံးပေါက်တယ်လို့ကြားပါတယ်။ ကျနော့်ကို ပက်ခွက်ဆိပ်ဘက်က လူတွေကပြောလို့ ကျနော်လည်း ပုဏ္ဏားကျွန်းမြို့နယ် ဒု-အုပ်ချုပ်ရေးမှူးကို မေးကြည့်တော့ သူကလည်း ဟုတ်တယ်လို့ ပြောပါတယ်” ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမောင် ကပြောသည်။

ထိုသို့မိုင်းပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု ရှိ/မရှိအား ၄င်းအနေဖြင့် မသိရသေးကြောင်း ဦးထွန်းမောင်ကပြောသည်။

အလားတူ ဇူလိုင်လ ၃ဝ ရက်နေ့ ကလည်း ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အငူမော် ကျေးရွာနှင့် ကုလားချောင်းကျေးရွာကြား မယူရှင်မနတ်ကွန်း အနီး ယမန်နေ့ မွန်းလွဲ ၂နာရီခွဲခန့်က မိုင်း(၂)လုံးပေါက်ကွဲပြီးနောက် လက်နက်ကြီးသံများ ထွက်ပေါ်ခဲ့ကြောင်း၊  ဒေသခံများ ကြောက်လန့်ထွက်ပြေးခဲ့ကြရကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

မယူရှင်မ နတ်ကွန်းအနီး မြောက်ဘက် ပေတစ်ထောင်ခန့်အကွာတွင် ထိုသို့ ပေါက်ကွဲမှုနှင့် လက်နက်ကြီးအသံများကြားနေရသည့် အတွက် အနီးအနားမှ ကျေးရွာများဖြစ်သည့် အငူမော်၊ ကုလားချောင်း နှင့် မကျည်ချောင်း ကျေးရွာသားများ ကြောက်လန့်ပြီး စစ်တွေမြို့နယ် ရေချမ်းပြင် ဘက်သို့ ဘုတ်များဖြင့် ထွက်ပြေးခဲ့ကြရသည်ဟု ၎င်းက ပြောဆိုသည်။

“ ကျနော်တို့ ပထမ မိုင်းပေါက်သံကြားရတယ်။ အဲ့ဒီလို့ ပေါက်သံကြားပြီးနောက်ပိုင်း လက်နက်ကြီးအသံတွေ ထပ်ပြီးကြားနေရတယ်။ တိုက်ပွဲဖြစ်တာလား  ဘာဖြစ်တာလဲဆိုတာ ကျနော်တို့ သွားပြီး မကြည့်ရဲတဲ့ အတွက်ကြောင်း အတိအကျမသိရသေးဘူး” ဟု ၄င်းဒေသခံ တစ်ဦးက ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး မေးမြန်းစုံစမ်းရန် ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးအား ဆက်သွယ်ခဲ့သော်လည်း အဆက်သွယ်မှုမရှိခဲ့ပါ။

အလားတူ အဆိုပါ မယူရှင်မ နတ်ကွန်းအနီး မိုင်းပေါက်ကွဲမှုနှင့် တိုက်ပွဲဖြစ်ပွားခြင်းရှိ/မရှိ စုံစမ်းမေးမြန်းရန် တပ်မတော်ဘက်သို့ ယနေ့ ညနေ ၄နာရီခန့်က ဆက်သွယ်ခဲ့သော်လည်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမတန်းစစ်ဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ၄င်းအနေဖြင့် အလုပ်မအားသေးသည့် အတွက် နောက်မှ ဆက်ပါဟု ပြန်လည် ဖြေကြားသွားသည်။


ဆက်စပ် သတင်းများ