ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

တောင်ကုတ်မြို့တွင် မျက်နှာစိမ်းများရောက်လျှင် သက်ဆိုင်ရာသို့အသိပေးရန် ထွေ/အုပ်က မြို့ပတ်၍ အသံချဲ့စက်ဖြင့် ကြေညာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 8.4k

သန်းသန်း
စစ်တွေ၊ သြဂုတ် ၂ / ၂ဝ၁၉

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် မျက်နှာစိမ်းများရောက်လျှင် သက်ဆိုင်ရာသို့ အသိပေး အကြောင်းကြားရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့ပတ်၍ အသံချဲ့စက်ဖြင့် ကြေညာထားကြောင်း သတင်းရရှိသည်။

တောင်ကုတ်မြို့ပေါ်တွင် သူစိမ်း၊ ဧည့်သည်များရောက်လျှင် သက်ဆိုင်ရာ ရပ်ကွပ်အုပ်ချုပ်ရေးမှူး များထံ တိုင်ကြားပေးရန် သြဂုတ်လ ၁ ရက်နေ့ညနေပိုင်းမှစတင်ကာ တောင်ကုတ်မြို့ကိုပတ်၍ အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့က ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အသိပေးတာပါ ”ဟု တောင်ကုတ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုကဲ့သို့ အသိပေးပြောကြားရသည်မှာ လူစိမ်းများအဝင်အထွက်များလာမှုနှင့် လုံခြုံရေးအပိုင်းကို စိတ်မချမှုတို့ကြောင့် ဖြစ်နိုင်ဖွယ်ရာရှိသည်ဟု တောင်ကုတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးစန်းငွေက ပြောသည်။

ဦးစန်းငွေက “ကျွန်တော့်အမြင်က အခုလို ပဋိပက္ခတွေရှုပ်ထွေးနေချိန်မှာ  အာဏာပိုင်တွေကို တပ်မတော်ရဲ့လက်အောက်မှာ ရှိနေစေချင်တဲ့သဘောလို့မြင်ပါတယ် ”ဟု ပြောသည်။

တောင်ကုတ်မြို့သည် ရခိုင်ပြည်နယ်တောင်ပိုင်းဒေသ၏ နယ်စပ်မြို့တစ်မြို့ဖြစ်သည်နှင့်အညီ လူဝင်လူထွက်များပြားသည့်မြို့တစ်မြို့ဖြစ်ကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်ရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် အမ်းမြို့နယ်များတွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများပြင်းထန်လျက်ရှိရာ အဆိုပါမြို့နယ်များအနက် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်များတွင် ည ၉ နာရီမှ နံနက် ၅ နာရီအထိညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဧပြီလ ၂ ရက်နေ့တွင် ထုတ်ပြန်ထားကြောင်း သိရသည်။

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တွင် အဆိုပါအမိန့်မှာ ယခင်ကပင်ရှိနှင့်ပြီးသား ဖြစ်ကြောင်းလည်း သိရသည်။

ဆက်စပ် သတင်းများ