ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

မာန်အောင်ကျွန်းပေါ်ထိ စစ်မျက်နှာကျယ်ပြန့်လာမည်ကို ဒေသခံများစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 9.8k

ဆောင်းဇာခြည်
နိရဥ္စရာ၊ သြဂုတ် ၆/ ၂ဝ၁၉

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်သို့ တပ်မတော် စစ်ကြောင်း ရောက်ရှိလာသဖြင့် ၎င်းကျွန်းပေါ်ထိ စစ်မျက်နှာ ကျယ်ပြန့်လာမည်ကို စိုးရိမ်နေကြသည်ဟု ဒေသခံများက ပြောဆိုသည်။

မာန်အောင်မြို့နယ်၌ သြဂုတ်လ ၁ ရက်နေ့တွင်  တပ်မတော်စစ်ကြောင်း ရောက်လာခဲ့သောကြောင့် မာန်အောင်မြို့နယ်မှ ဒေသခံများအနေဖြင့်  တိုက်ပွဲများဖြစ်ပြီး ဒေသမတည်မငြိမ်ဖြစ်လာမည်ကို စိုးရိမ်ကြောက်လန့်နေကြရကြောင်း မာန်အောင်မြို့နယ်၊ ဇရပ်ကုန်းခင်ကျေးရွာမှ ဦးညီညီက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“တပ်ရင်း ဘယ်လောက်ကလဲတော့ ကျွန်တော်တို့လည်း မသိပါဘူး။ ဘုန်းကြီးကျောင်းမှာ သူတို့က ညအိပ်ကြပါတယ်။ သန့်ရှင်းရေးတွေလည်း လုပ်ကြပါတယ်။ ရွာကလူတွေကို မကြောက်ဖို့ သူတို့ ပြောပါတယ်။ သူတို့ ဘုန်းကြီးကျောင်းကို သန့်ရှင်းရေးလုပ်ဖို့ လာကြတာပါလို့ ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရွာကလူတွေက ကြောက်ကြတာပေါ့။ သူတို့က ချက်ချင်းကြီး ရောက်လာကြတာလေ။ ဘာကြောင့်မှန်းမသိဘူး။ ဘာလုပ်မလို့လဲမသိဘူးဆိုပြီး စိုးရိမ် ကြောက်လန့်နေခဲ့ကြပါတယ်” ဟု ၎င်းက ပြောသည်။

ယခုလ သြဂုတ်လ ၁ ရက်နေ့တွင် ဇရပ်ကုန်းခင်ကျေးရွာသို့ တပ်မတော်သား ၁ဝဝ ဦးခန့် ရောက်ရှိလာကာ ရွာရှိ ဘုန်းကြီးကျောင်းတွင် ညအိပ်တည်းခိုနေထိုင်ခဲ့ကြပြီး သြဂုတ်လ ၃ ရက်နေ့တွင် တပ်မတော်သားများမှာ  ဇရပ်ကုန်းခင်ကျေးရွာ၏ အနီးနားကျေးရွာများဖြစ်သည့် ကြက်ရိုးကျေးရွာ၊ သစ်ပုံကျေးရွာ၊ အောင်စီပြင်ကျေးရွာ နှင့် ဇီးတောကျေးရွာများသို့ သွားရောက်ခဲ့ကြောင်း  ၄င်းက ပြောသည်။

“ကျွန်တော်တို့ ရွာက ဘုန်းကြီးကျောင်းကိုလာပြီးတော့ ဘုန်းကြီးကျောင်းမှာနေမယ်ပြောတယ်။ ကျောင်းက ဦးဇင်းကတော့ ဝါတွင်းကာလာဖြစ်တဲ့အတွက် ဥပုသ်သည်တွေများနေလို့ လက်ခံလို့ မရဘူးပြောတော့ သူတို့ တခြားရွာကို ပြောင်းသွားကြတယ်။ ရွာကလူတွေက သူတို့ ရောက်လာတော့ ထမင်းစောစောချက်ကြတယ်။ ဘာဖြစ်လာမယ်မှန်းမသိတော့ ပစ္စည်းတွေသိမ်း၊ ကြိုတင်ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ကြပါတယ်။ ကြောက်တဲ့စိတ်နဲ့ပေါ့။ စစ်ဆေးတာတွေတော့ မလုပ်ခဲ့ပါဘူး”ဟု သစ်ပုံကျေးရွာမှ ဦးမင်းဇော်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

မာန်အောင်မြို့နယ် လက်ရှိ အချိန်ထိ တည်ငြိမ် အေးချမ်းသည့် မြို့နယ် တစ်ခု ဖြစ်သဖြင့် တပ်မတော် စစ်ကြောင်းများရောက်လာရာမှ တိုက်ပွဲများ ဖြစ်မည်ကို စိုးရိမ်ခဲ့ကြရကြောင်း၊  တပ်မတော် စစ်ကြောင်းမှ မစိုးရိမ်ကြရန် နှင့် AA အား  မာန်အောင်မြို့နယ်မှ ထောက်ခံအားပေးသူများရှိလျှင် တားဆီးပိတ်ပင်ရန်အတွက် လာရောက်ရခြင်းဖြစ်ကြောင်း ဒေသခံများအားပြောခဲ့ကြောင်း ဦးမင်းဇော်က ပြောသည်။

မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်လာရာမှ မြေပုံမြို့နယ်နှင့် အမ်းမြို့နယ်ထိ တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။

တပ်မတော်စစ်ကြောင်းသည် သြဂုတ်လ ၅ ရက်နေ့တွင် မာန်အောင်မြို့နယ် သစ်ပုံကျေးရွာသို့ ရောက်ရှိခဲ့သည်ဟု  ဒေသခံများက ပြောသည်။

လက်ရှိတွင်  ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများမှာ  ပိုမိုပြင်းထန်လာပြီး ဒေသခံများမှာလည်း စစ်ရှောင်အဖြစ်ပြောင်းရွှေ့နေထိုင်သူ အဖြစ် တဖြည်းဖြည်း  တိုးပွားလာကြောင်း တွေ့ရှိရသည်။

ဆက်စပ် သတင်းများ