ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

တိုက်ပွဲ ဖြစ်၍ ရသေ့တောင် ကျောက်တန်းရွာသားတို့ထွက်ပြေးနေကြရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 4.6k


ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ သြဂုတ် ၇/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအနီး မြောတောင်ရင်းတွင် တိုက်ပွဲ ဖြစ်ပွား၍ ရွာသားများ ထွက်ပြေးနေကြသည်ဟု သတင်းရရှိသည်။

အမည်မဖော်လိုသူ ကျောက်တန်းကျေးရွာမှ ကျောင်းဆရာတစ်ဦးက “ အခု ထွက်ပြေး နေကြရပါတယ်။ တစ်ရွာလုံးထွက်ပြေးနေကြပါတယ်။ မသွားနိုင် မလာနိုင် သက်ကြီးရွယ်အိုမှ အပ အကုန်လုံး ထွက်ပြေးနေကြပါတယ်။ ပထမ အောင်သာစည်ရွာကို ထွက်ပြေးပါတယ်။ အခု အခြေအနေ မကောင်းတဲ့ အတွက် အောင်သာစည်ကနေ ဆက်ထွက်ပြေးနေပါတယ်” ဟု ပြောသည်။

တိုက်ပွဲသည် ကျောက်တန်းရွာ၏ မြောက်ဘက် မြောတောင်ရင်းတွင် ဖြစ်ပွားခဲ့ပြီး ၎င်းနေရာသည် ကျောက်တန်းရွာမှ အနည်းငယ်သာ ဝေးသည်ဟု ဆိုသည်။

“ ဖြစ်တာက နေ့လယ် ၁ နာရီမထိုးခင် ဖြစ်တာပါ။ သိပ်မကြာဘူး။ ၁ဝ မိနစ်လောက်ဘဲ ဖြစ်ပါတယ်။ လက်နက်ငယ်၊ လက်နက်ကြီးသံတွေရောကြားရပါတယ်။ ဘာတွေ ဖြစ်နေသလဲဆိုတာကိုတော့ ကျွန်တော်တို့လည်း ထွက်ပြေးလာတဲ့ အတွက် ဘာမှ မသိခဲ့ရပါဘူး” ဟု ပြောကြားသည်။

ကျောက်တန်းရွာမှ အမျိုးသမီး တစ်ဦးက “ ကျွန်မတို့ အခု ထွက်ပြေးလာပါတယ်။ ရွာမှာ ဘယ်သူမှ မကျန်ခဲ့ဘူး။ အခု ကျွန်မတို့ တစ်ရွာတည်း မဟုတ်ဘူး။ တစ်ခြားရွာက လူတွေလည်း ထွက်ပြေးနေကြပါတယ်။ တိုက်ပွဲက ရေစိုးချောင်း ဗျူဟာက ဆင်းလာတဲ့ စစ်သားတွေနဲ့ AA နဲ့ ဖြစ်နေကြတာပါ။ သေနတ်သံတွေ အနီးကပ် ကြားရပါတယ်” ဟု ပြောကြားသည်။

ကျောက်တန်းရွာသားများသည်  အောင်သာစည်၊ ထီးစွဲရွာနှင့် ရသေ့တောင်မြို့ပေါ်ထိ ထွက်ပြေးနေကြသည်ဟု ပြောသည်။ 

ကျောက်တန်းရွာတွင်   ရွာသား ၂၇၅ ဦးကို စစ်တပ်က အစိုးရ စာသင်ကျောင်းတွင် ဖမ်းဆီးစစ်ဆေးမှု ပြုလုပ်နေစဉ် မေလ ၂ ရက်နေ့ နံနက် အစောကြီး ညဉ့်အချိန် စစ်တပ်က ပစ်ခတ်မှု ဖြစ်ပွား၍ လူ ၈ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရရှိခဲ့သည်။

ဆက်စပ် သတင်းများ