စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့နယ် ရန်ကုန်-စစ်တွေကားလမ်းပေါ်ကုန်ကား ၃စီးမီးလောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 5.3k

ချစ်အိလှိုင်
နိရဥ္စရာ၊ သြဂုတ် ၃ဝ/၂ဝ၁၉

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်နှင့်သဲတော်ကျေးရွာကြား ရန်ကုန်- စစ်တွေအဝေးပြေးလမ်းမပေါ်တွင် ကုန်တင်ကား သုံးစီး မီးလောင်သွားခဲ့သည်ဟု သတင်းရရှိသည်။

သြဂုတ်လ ၂၉ရက်နေ့ ညနေ ၅  နာရီ ခွဲ အချိန်ခန့်တွင် လက်နက်ကြီး ပစ်ခတ် သံများကြားရပြီးနောက် ၎င်းကုန်တင်ကား ၃စီး မီးလောင်သွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

“ဖြစ်တာတော့ကြားပါတယ်။ အသံတွေ တဂျိမ်းဂျိမ်း သုံးလေးချက် ကြားလိုက်ပါတယ်။ ခဏနေတော့ ကား၃စီး မီးလောင်နေတယ်ဆိုပြီး သဲတော်ကျေးရွာက တပည့်မလေးက ဖုန်းဆက်လာပါတယ်။ ကျွန်မတို့လည်းကြောက်ပြီး ဘယ်သူမှသွား မကြည့်ကြပါဘူး။ မနက်မိုးလင်းမှ သွားကြည့်တာ ၂စီးက လုံးဝလောင်ကျွမ်း နေပြီး ကျန်တစ်စီးက ကားနောက်ပိုင်းတစ်ခုလုံး လောင်နေတာပါ” ဟု ကိုယ်တိုင်သွားရောက် ကြည်ရှုခဲ့သူ ယိုးတရုပ် ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ယိုးတရုပ်ကျေးရွာ အုပ်ချူပ်ရေးမှူး ဦးစံအောင်သိန်း ကို ဆက်သွယ်မေးမြန်းကြည့်ရာ သူက
“ကား၃စီး မီးလောင်သွားတယ်လို့ကြားပါတယ်။ ကျွန်တော်က ဥပုသ်စောင့်ဖို့ဘုန်းကြီးကျောင်းသွားနေတာပါ။ ကျွန်တော် ဘာမှ မသိလိုက်ပါဘူး” ဟု ပြောသည်။

မီးလောင်သွားသော ကုန်တင်ကားများ၏ ပိုင်ရှင်နှင့် ဒရိုင်ဘာများမှာ လည်း မည်သူ မည်ဝါ မသိရှိရကြောင်း၊ မည်သည့်အတွက် မီးရှို့ခံရသည်ကို မသိရကြောင်း၊ အဆိုပါ ဖြစ်စဉ်ကြောင့် ဒေသခံများမှာ စိုးရိမ်ကြောက်လန့် နေကြကြောင်း ကျေးရွာသားများက ပြောသည်။

“ရွာထဲက လူတွေက သေနတ်သံတွေ ပေါက်ကွဲသံတွေ ကြားရင် ကြောက်ပြီး ဘယ်သူမှ ထွက်မကြည့်ရဲကြတော့ဘူးဗျ။ ဦးလေးတို့လည်း အသံတော့ကြားလိုက်တယ်” ဟုဒေသခံတစ်ဦးမှ ပြောသည်။

ယိုးတရုတ်ကျေးရွာတွင်၂ဝ၁၉ ခုနစ် မေလ (၉)ရက်နေ့က လည်း ယိုးတရုပ် ရဲကင်းစခန်းအား ရက္ခိုင့်တပ်တော် AA မှ ဝင်ရောက် တိုက်ခိုက်မူ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ကိုးဦးကျဆုံးခဲ့ပြီး သြဂုတ်လ ၂ဝရက်နေ့ကလည်း သဲတော် ကျေးရွာအနီး ရဲကားတန်းတစ်ခု မိုင်းဆွဲတိုက်ခိုက် ခံခဲ့ရသဖြင့် ဒုရဲမှူး တစ်ဦးသေဆုံးခဲ့သည်။

ဆက်စပ် သတင်းများ