ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင် မင်းပြားနယ်တွင်တိုက်ပွဲဆက်ဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.5k

သိန်းဇော်(မောင်တော)
စစ်တွေ၊ စက်တင်ဘာ ၁၃/၂ဝ၁၉

လာမည့် စက်တင်ဘာ ၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၌ အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့အတို့အကြား တွေ့ဆုံဆွေးနွေးရန် အစီအစဉ် ရှိနေသော်လည်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်ဖြစ်ပွားနေဆဲ ဖြစ်နေကြာင်း သတင်းရရှိသည်။

ယနေ့နံနက်ပိုင်းက  မင်းပြားမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ကြား အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ကျနော်တို့ ရွှေကျင်ရွာရဲ့အရှေ့မြောက်ထောင့်ကျမယ်ထင်တယ်။ အဲ့ဒီဘက်မှာ တိုက်ပွဲဖြစ်သံကြားနေရပါတယ်။ ဖြစ်နေတဲ့ အချိန်မှာ လက်နက်ကြီး လက်နက်ငယ်အသံ တစ်နာရီကျော်လောက် ကြားလိုက်ရပါတယ်။ အခုတော့ ငြိမ်သွားပါပြီ ” ဟု ယနေ့ နေ့လယ် ၁၂ နာရီက ရွှေကျင်ကျေးရွာသားတစ်ဦးက ဆက်သွယ်ပြောကြားသည်။

မင်းပြားမြို့နယ် ရွှေကျင်ကျေးရွာနှင့် ဒိုင်းသားအကြား ကျော်ကချောင်း အတွင်း ယနေ့နံနက် ၈နာရီခွဲခန့်က စတင်ပြီး အပြန်အလှန် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ၎င်းကပြောသည်။

ရွှေကျင်ကျေးရွာ အုပ်ချုပ်ရေးမှူးကလည်း ၄င်းတို့ကျေးရွာ အရှေ့ မြောက်ဘက် ၃မိုင်ခန့်ဝေးသည့် နေရာတွင် ယနေ့ နံနက်ပိုင်းက တစ်နာရီကျော်ခန့် အကြာ သေနတ်သံများ ထွက်ပေါ်ခဲ့ကြောင်း၊ ထိုသေနတ်သံများမှာ တိုက်ပွဲအပြန်အလှန်ဖြစ်သည့် အသံ ဟုတ်/မဟုတ်ကို အတိအကျ မပြောနိုင်ကြောင်း၊ လက်ရှိတွင် မည်သည့်အသံများမကြားရဘဲ တည်ငြိမ်နေကြောင်း ပြောသည်။

ယနေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းရှိ/မရှိ မေးမြန်းရန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမတန်းစစ်ဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား နိရဥ္စရာသတင်းဌာနမှ ယနေ့ နေ့လယ် ၂နာရီက ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှုမရရှိခဲ့ပါ။

ဆက်လက်ပြီး ရက္ခိုင့်တပ်တော် AAမှ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ အား မင်းပြားမြို့နယ်အတွင်း ယနေ့ တိုက်ပွဲဖြစ်ပွားခြင်းရှိ/မရှိ ဆက်သွယ် မေးမြန်းခဲ့ရာ ၄င်းကလည်းထိုကိစ္စနှင့် ပတ်သက်ပြီး မည်သည့်သတင်းမှ မရရှိသေးကြောင်း ပြောသည်။

ဆက်စပ် သတင်းများ