ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့နယ် ကင်းချောင်းကျေးရွာအနီး မိုင်းကွဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.9k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ စက်တင်ဘာ ၁၅/ ၂ဝ၁၉

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကင်းချောင်းကျေးရွာအနီးတွင် ယနေ့ မွန်းလွဲပိုင်းက မိုင်းပေါက်ကွဲမှု တစ်ခုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါမိုင်းသည် ကင်းချောင်းကျေးရွာထိပ်ရှိ တံတားအနီးတွင် ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁၁ နာရီကျော်က ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဘူးသီးတောင်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။

“တံတားနားမှာ မိုင်းပေါက်တယ်လို့တော့ ကြားတယ်။ အသေးစိတ် အခြေအနေ ကိုတော့ မသိရသေးဘူး။ ရွာသားတွေလည်း အားလုံး ဖုန်းပိတ်ထားကြတယ်”ဟု ဦးထွန်းအောင်သိန်းက ဆိုသည်။

အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရရှိမှု ရှိ/မရှိဆိုသည်ကို ရွာသားများနှင့် အဆက်အသွယ် မရ၍ နိရဉ္စရာက သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါ။

ယခုမိုင်းပေါက်ကွဲခဲ့သည့်ကျေးရွာအနီးရှိ သပိတ်တောင်ကျေးရွာမှ အမျိုးသမီး တစ်ဦးက ကင်းချောင်းကျေးရွာအနီး မိုင်းပေါက်ကွဲသည်မှာ မှန်ကန်သော်လည်း ပေါက်ကွဲမှုဖြစ်သည့်နေရာအနီး ပစ်ခတ်သံများထွက်ပေါ်နေ၍ သွားမကြည့်ရဲ ဖြစ်နေသည်ဟု နိရဉ္စရာသို့ ပြောသည်။

“မိုင်းပေါက်တာ ဟုတ်ပါတယ်။ ထိခိုက်ဒဏ်ရာရတာ ရှိ/မရှိဆိုတာလည်း မသိရပါ။ သွားမကြည့်ရဲလို့ပါ။ ပေါက်ကွဲမှုဖြစ်ပြီးနောက် လက်နက်တွေနဲ့ ပစ်ခတ်နေတဲ့ အတွက် ကျမတို့လည်း ရွာပြင်မထွက်ရဲဘဲ အိမ်ထဲမှာ ပုန်းနေရပါတယ်”ဟု သူမက ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးအား ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပါ။

ဆက်စပ် သတင်းများ