ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်တွင် တပ်မတော်စစ်ကြောင်းတစ်ခုမိုင်းဆွဲတိုက်ခိုက်ခံရ၊ တစ်ခြားဖြစ်စဉ်တစ်ခုတွင်မိုင်းပေါက်ကွဲ၍ မျှစ်ချိုးသွားသူ အမျိုးသမီးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6.8k

ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၁၈ /၂ဝ၁၉

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက တပ်မတော် စစ်ကြောင်းတစ်ခု မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရသလို ကျောက်တော်မြို့နယ်တွင်လည်း မျှစ်ချိုးသွားသည့် အမျိုးသမီးတစ်ဦး မိုင်းပေါက်ကွဲရာမှ ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း သတင်းရရှိသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် ယိုးငူကျေးရွာနှင့် ကျောက်ဆိပ်ကျေးရွာကြားတွင် ယနေ့နံနက် ၉ နာရီခန့်က တပ်မတော် စစ်ကြောင်း တစ်ခုကို ရက္ခိုင့်တပ်တော် (AA) မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အနီးအနားရှိ ကျေးရွာသားများက ပြောသည်။

မိုင်းပေါက်ကွဲမှုဖြစ်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိသူ တစ်စုံတစ်ဦးမျှ မရှိခဲ့ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

"ယိုးငူမှာ မိုင်းပေါက်ကွဲတာ ဟုတ်ပါတယ်။ ကျနော်တို့လုံခြုံရေးလုပ်နေတဲ့ စစ်ကြောင်းတစ်ကြောင်းကို AA က ရီမုမိုင်းနဲ့ဖောက်ခွဲတာပါ။ ဘာမှတော့ မဖြစ်ပါဘူး။ AAက မိုင်းဖောက်ပြီး ပစ်ပြေးသွားတယ်။ သူပစ်ကိုယ်ပစ် ပစ်ကြသေးတယ်” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက နိရဥ္စရာသတင်းဌာနအားပြောသည်။

ဒေသခံ တစ်ဦးကမူ မိုင်း ၅ လုံးပေါက်ကွဲခဲ့သည်ဟု သိရကြောင်း၊ အထိအခိုက်တစ်ချို့ရှိသည်ဟု ကြားသိရသော်လည်း အသေးစိတ် မသိရှိရကြောင်း၊ ယိုးငူမှ ကျောက်ဆိပ်ဘက်သို့ ထွက်ခွာလာသော စစ်ကြောင်းကို တိုက်ခိုက်သည်ဟု သိရှိရကြောင်း ပြောကြားသည်။
 
အဆိုပါကိစ္စနှင့်ပက်သက်၍ ရက္ခိုင့်တပ်တော် (AA)မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက “ယိုးငူမှာ ဒီနေ့မနက် ၈ နာရီကျော်လောက်က တိုက်ပွဲဖြစ်တာ ဟုတ်ပါတယ်။ ကျန်တာတော့ ကျနော်အတိကျပြောလို့မရသေးပါဘူး” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာအနီး တွင် ယနေ့ မွန်လွဲ ၁၂ နာရီခန့်က မိုင်းပေါက်ကွဲမှုကြောင့် အဆိုပါ ကျေးရွာမှ ဒေါ်သန်းသန်းနု(၄၆)နှစ်၏ ဘယ်ဘက်ခြေထောက် ဒူးအောက်ပိုင်း ပြတ်ထွက်သွားခဲ့ကြောင်း ရွာသားများက ပြောသည်။

ဒဏ်ရာ ရရှိသူ၏ အိမ်နီးချင်းတစ်ဦးက “ သူဒဏ်ရာနဲ့ ရွာထဲကိုရောက်တဲ့ချိန်က ၂ နာရီလောက်ရှိပြီ။ မျှစ်ချိုးဖို့သွားရာကနေ မိုင်းပေါက်ကွဲတာပါ။ ဒီကနေ့ သူမကို စစ်တွေဆေးရုံကို ယူသွားကြပါတယ်” ဟု နိရဥ္စရာ သတင်းဌာနအားပြောသည်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သပေါ့စာတောင်တန်းတွင်လည်း နံနက် ၁ဝ နာရီကျော်မှ ညနေ ၄ နာရီကျော်ထိ တိုက်ပွဲများကြိုးကြား ကြိုးကြားဖြစ်ပွားခဲ့ပြီး မြောက်ဦးမြို့မှ လက်နက်ကြီးများနှင့် တိုက်ပွဲ ဖြစ်ပွားရာကို လှမ်းပစ်ခဲ့သည်ဟု သတင်းရရှိသည်။


ဆက်စပ် သတင်းများ