သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

AA ဖမ်းဆီးခေါ်ဆောင်သွားသည့် ၅၈ဦးထဲတွင် တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦးပါဝင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.8k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၂၇

ရက္ခိုင့်တပ်တော် (AA) က ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် လူပေါင်း ၅၈ ဦးတွင် တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း နှစ်ဦးနှင့် အရပ်သား ၁၃ တို့ပါဝင်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကိုးကားပြီး ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် သတင်းဖော်ပြသည်။

၎င်းတို့အား AA အဖွဲ့မှ အောက်တိုဘာ ၂၆ ရက်နေ့ နံနက် ၁ဝ နာရီ မိနစ် ၂ဝ ခန့်တွင် ရသေ့တောင်မြို့နယ် ကျောက်တန်းချောင်းဝနှင့်ပြိန်းတောကျေးရွာ အကြားရေမျက်ကျေးရွာ ဖောင်ဆိပ် အရောက်၌ AA အဖွဲ့မှ အင်အား ၃ဝ ခန့်က ကမ်းစပ်မှ သေနတ်ပစ်ခတ်တားဆီး၍ ကမ်းစပ်သို့ခေါ်ဆောင် ရပ်တန့်စေပြီး ခေါ်ယူသွားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

၎င်းရွှေနဒီ အမြန်ရေယာဉ်သည် စစ်တွေမြို့မှ  အောက်တိုဘာ ၂၆ ရက် နံနက် ၇ နာရီတွင် ထွက်ခွာလာခဲ့ကြောင်း၊  နံနက် ၉ နာရီ ၁၅ မိနစ်တွင် ရသေ့တောင်မြို့ အမြန်ရေယာဉ် ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ပြီး ခရီးသည်များ တင်ဆောင်ပြီး ဆက်လက် ထွက်ခွာခဲ့ကြောင်း၊ ထို့နောက် နံနက် ၁ဝ နာရီ မိနစ် ၂ဝ ခန့်တွင် ရသေ့တောင်မြို့နယ် ကျောက်တန်းချောင်းဝနှင့်ပြိန်းတော ကျေးရွာအကြားရေမျက်ကျေးရွာ ဖောင်ဆိပ် အရောက်၌ AA အဖွဲ့မှ အင်အား ၃ဝ ခန့်က ကမ်းစပ်မှ သေနတ်ပစ်ခတ်တားဆီး၍ ကမ်းစပ်သို့ခေါ်ဆောင် ရပ်တန့်စေခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

ယင်းရေယာဉ်ပေါ်တွင် ခရီးသည် ၁၆၅ဦးလိုက်ပါလာခဲ့သည်ဟု သိရသည်။

ရွှေနဒီ အမြန်ရေယာဉ်ပေါ်တွင် လိုက်ပါလာခဲ့သည့် အမျိုးသမီးတစ်ဦးက “ အခု ကျွန်မမှတ်မိသလောက်ဆိုရင် ဘူးသီးတောင်က ကျောင်းဆရာ သုံးဦးနဲ့ အရပ်သား တစ်ချို့ ၅ ဦး ၆ ဦးလောက်တော ဖမ်းခေါ်သွားတဲ့ အထဲမှာ ပါသွားပါတယ်။ ကျွန်မတို့က သေနတ်သံ တစ်ချက် နှစ်ချက်ကြားတယ်။ ကမ်းပေါ်တက်၊ ကမ်းပေါ်တက်၊ ဘာမှ မကြောက်နဲ့။ ဖုန်းပိတ်ထား၊ ဓာတ်ပုံ မရိုက်နဲ့လို့ ဆိုပြီး ကမ်းပေါ်ကို တင်တယ်။ ကျွန်မတို့ ကမ်းပေါ်ရောက်တော့မှ အေအေဆိုတာကို သိရပါတယ်။ သူတို့ အမျိုးသမီး အမျိုးသား နှစ်စုခွဲလိုက်ပြီး စစ်ပါတယ်။ အေအေက ယူနီဖောင်းတွေ ဝတ်ထားတဲ့သူတွေလည်း ပါပါတယ်။ အရပ်ဝတ်တွေနဲ့လည်းပါပါတယ်။ ကျွန်မမြင်တာကတော့ သူတို့မှာ လက်နက် အပြည့်အစုံနဲ့ လူပေါင်း ၃ဝ လောက် ပါပါတယ်။ သူတို့ လိုအပ်တဲ့လူတွေကိုရသွားတော့ ချက်ချင်းဘဲ စပါးတောတွေထဲက အဲဒီလူတွေကို ခေါ်သွားပါတယ်။ ကျွန်မတို့လည်း ကြောက်ပြီး မကြည့်ရဲဘူး” ဟု ပြောကြားသည်။

----------------------------

Unicode:



နိရဉ်စရာ၊ အောကျတိုဘာ ၂၇ / ၂ဝ၁၉






ဆက်စပ် သတင်းများ