ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မောင်တော(၅)မိုင် လုံခြုံရေးကားတန်း ရီမုတ်မိုင်းဖြင့်တိုက်ခိုက်ခံရမှု တပ်ဘက်က အတည်ပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.5k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၁၃/၂ဝ၁၉

ရခိုင်ပြည်နယ် အနောက်ဘက်အစွန်ဆုံး မောင်တောမြို့ (၅) မိုင်တွင် လုံခြုံရေးကားတန်းတစ်ခု နိုဝင်ဘာ ၁၂ ရက် နေ့လယ် ၁ နာရီက ရီမုတ်ဖြင့် မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရသည်ဟု သတင်းရရှိသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦး “ မနေ့က နေ့လယ် ၁ နာရီလောက်မှာ လုံခြုံရေး ဆောင်ရွက်နေတဲ့ ကားတန်းတစ်ခုကို ရီမုတ်မိုင်းနဲ့ တိုက်ခိုက်တာ ရှိတယ်။ နည်းပါးပါး ထိခိုက်တာတော့ ရှိတယ်။ ဒဏ်ရာရတာ နည်းနည်းပါးပါးရှိပါတယ်”ဟု နိရဥ္စရာသို့ ပြောကြားသည်။

တစ်ခြား အသေးစိတ်အချက်အလက်များကို ပြောကြားခြင်း မရှိပါ။

မောင်တောမြို့နယ် အမှတ်(၂)  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက “ မိုင်းပေါက်တယ်လို့ဘဲ သတင်းရတယ်။ ဘယ်လိုဖြစ်တယ်။ ဘယ်အဖွဲ့ကနေ ဘယ်ကားကိုခွဲတယ်ဆိုတာတော့ မသိပါဘူး” ဟု ပြောကြားသည်။

ဆက်လက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မောင်တောမြို့နယ် အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှစိန်အား ဆက်သွယ်မေးမြန်းရာ ၎င်းက “ မိုင်းပေါက်တာတော့ မှန်ပါတယ်။ ဖြစ်တဲ့အနီးမှာ လူနေအိမ်တွေ မရှိဘူး။ သစ်တောပျိုးခင်း တစ်ခုရှိတယ်။ အရပ်သားတွေ တစ်စုံတစ်ရာ ထိခိုက်တာမရှိဘူး။ တန်ဆောင်တိုင်နဲ့ ထမင်းချက်စားသွားတဲ့ လူငယ် အဖွဲ့ တစ်ဖွဲ့ကိုတော့ ခေါ်ယူစစ်ဆေးတာ တစ်ချို့တော့ ရှိတယ်လို့ ကြားတယ်။ လူတွေ ပြောနေသလို ဖမ်းဆီးတာတော့ မဟုတ်ပါဘူး။ နည်းနည်းပါးပါး စစ်ဆေးပြီး ပြန်လွှတ်လိုက်ပြီလို သိရပါတယ်” ဟု ပြောကြားသည်။ 

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းလည်း ယခု လပိုင်းအတွင်း မိုင်းခွဲတိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

-----------------------------

Unicode:


နိရဉ်စရာ၊ နိုဝငျဘာ ၁၃/၂ဝ၁၉









ဆက်စပ် သတင်းများ