ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

နေဗီနှင့်ပစ်ခတ်မှုဖြစ်၊ မူစဲကမ်းရွှေလောင်းတင်ရွာသားများ ရွာကိုစွန့်ခွာထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8k

ခိုင်လူလှ(ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၁၃/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မူစဲကျွန်း ရွှေလောင်းတင် ကျေးရွာအနီးတွင် ယမန်နေ့ ညဉ့် ၉ နာရီအချိန်တွင် မေယူမြစ်အတိုင်း ရသေ့တောင်မြို့ဘက်သို့ တက်လာသည့် စစ်ရေယာဉ်သုံးစီးနှင့်  ရက္ခိုင့်တပ်တော် (AA) တို့အကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ယနေ့နံနက်က  ရွာသားအများအပြား ရွာကို စွန့်ခွာ ထွက်ပြေးသွားကြသည်ဟု သတင်းရရှိသည်။ 

“ ဖြစ်တာက မနေ့ကည ၉ နာရီ အချိန်လောက်မှာ ဖြစ်တာပါ။ ပစ်ခတ်သံတွေကတော့ ဆူညံနေတာပါဘဲ။ ရွာပေါ်ကနေ ကျည်တွေ ဖြတ်သွားတာ တရွှီရွှီနဲ့ ကြားရပါတယ်။ ရွာထဲက IRC က ဆောက်ပေးထားတဲ့ ဆေးခန်းကို ကျည်ဆံ နှစ်ခု ဖောက်ဝင်လာပြီး နောက်အိမ်တစ်အိမ်ရဲ့ အုတ်နံရံကို ဖောက်ကာ လှေကားရင်းကို ထိပါတယ်။ လူတွေကတော့ တစ်စုံတစ်ရာ အထိအခိုက်မရှိခဲ့ပါဘူး။ ဒီနေ့မနက်မှာ ရွာသားတွေ အများအပြား ရွာကနေ ဥဂ္ဂါရွာဘက်ကို ကြောက်ပြီး ထွက်ပြေးသွားကြပါတယ်” ဟု ရွှေလောင်းတင် ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

ယမန်နေ့ ည ၉ နာရီ အချိန်က မေယူမြစ်ဝမှ ရေတပ် ပွိုင့် အမြန်ရေယာဉ်ငယ်တစ်စီး၊ ရေတပ်သင်္ဘောတစ်စီးနှင့် လူတင် ဇက်ရေယာဉ်တစ်စီးတို့ မေယူမြစ်အတိုင်း တက်လာရာ မူစဲကမ်း၊ မြင်းကန်းချောင်းရွာ အောက်ဘက် ပိုက်ဆိပ်ဟောင်း တဲစုအနီးတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ၎င်းနောက် ရေယာဉ်ပေါ်မှ အချက်ပေါင်းများစွာ ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ ၎င်းရေယာဉ်သုံးစီးမှာ ရသေ့တောင်မြို့ဘက်သို့ မေယူမြစ်အတိုင်း ဆက်လက် တက်သွားကြောင်း၊ ယခုလက်ရှိ ရသေ့တောင်မြို့အနီး မေယူမြစ်ထဲတွင် ရပ်နားထားသည်ကို တွေ့ရသည်ဟု ပြောဆိုသည်။

“ သေနတ်ပစ်သံတွေ ထွက်လာတော့ တစ်ရွာလုံး ဆူညံ သွားတယ်။ အကုန်လုံး ဘုန်းကြီးကျောင်းကို ပြေးကြတယ်။ လမ်းပေါ်မှာ လူတွေ ရှုပ်ယှက်ခတ်ကုန်တယ်။ ရွာအနီးဝန်းကျင်မှာလည်း ကျည်ဆံတွေ ကျတယ်။ ဒါပေမယ့် တစ်ယောက်မှ ထိခိုက်မှု မရှိတဲ့ အတွက် အရမ်း ကံကောင်းပါတယ်” ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ရွှေလောင်းတင် ကျေးရွာသည် အိမ်ခြေ ၃ဝဝ ကျော်ရှိပြီး လူဦးရေ တစ်ထောင်ကျော်ရှိကာ ယနေ့နံနက်က လူ လေးငါးရာလောက် စိုးရိမ်ပြီး ရွာထဲကနေ ထွက်ပြေးသွားကြသည်ဟု သိရသည်။

၎င်းပြင် ရွာရှိ အလယ်တန်းကျောင်းကိုလည်း ပိတ်ထားလိုက်ရသည်ဟု ပြောဆိုသည်။

အနီးအနားရှိ ကူတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ သေနတ်ပစ်ခတ်သံများကို ယမန်နေ့ ညဉ့်အချိန်က ကြားခဲ့ရကြောင်း၊ မြစ်ထဲမှနေ၍ ရေတပ် သင်္ဘောက ပစ်ခတ်ခဲ့ကြောင်း၊ မည်သို့ မည်ပုံ ဖြစ်သည်ကို မသိရပါကြောင်း ပြောကြားသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဆက်သွယ်ရာ ဖုန်းကိုင် ဖြေဆိုခြင်း မရှိသေးပါ။   
-------------------------------

Unicode:



နိရဉ်စရာ၊ နိုဝငျဘာ ၁၃/၂ဝ၁၉









ဆက်စပ် သတင်းများ