သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မင်းပြားမြို့နယ်တိုက်ပွဲ တပ်ဘက်ကအမြောက်ကြီးများဖြင့်ပစ်ခတ်ပြီး ရဟတ်ယာဉ်နှစ်စီးဖြင့်ပါတိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 7.2k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၁၁/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မေလွမ်းကျေးရွာ အနီးတွင် ယနေ့နံနက် ၅ ခွဲမှ စတင်ပြီး မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ၎င်းတိုက်ပွဲ ဖြစ်ပွားရာ နေရာသို့  ကျိန်းတောင် ဘုရားအနီးရှိ အမြောက်စခန်းမှ  လက်နက်ကြီးများဖြင့် ၃နာရီကျော်ကြာ ပစ်ခဲ့ပြီးနောက် ရဟတ်ယာဉ်နှစ်စီးဖြင့်ပါ တိုက်ခိုက်ခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။

တိုက်ပွဲမှာ ဖားပြိုချင်းရွာ၊ ဇောက်ချောင်းနှင့် မေလွမ်းကျေးရွာတို့ အကြားတွင် ဖြစ်ပြီး ၎င်းအနီးရှိ တောင်တန်းများကို မင်းပြားကျိန်းတောင်မှ အမြောက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး ရဟတ်ယာဉ် နှစ်စီးဖြင့်  နာရီဝက်ခန့် ပစ်ခတ်ခဲ့သည်ဟု မျက်မြင် ဒေသခံများက ပြောဆိုသည်။

“ကျိန်းတောင်ဘက်ကနေ မနက်ငါးနာရီကျော်လောက်တည်းက လက်နက်ကြီးတွေနဲ့ပစ်နေတာပါ။ တိုက်ပွဲက ထွက်လာတဲ့ နှစ်ဖက်ပစ်ခတ်သံတွေတော့ ကြားပါတယ်။ နောက်ပြီး ရဟတ်ယာဉ်နှစ်စီးရောက်ပြီး နာရီဝက် လောက်ပစ်သွားပါတယ်။ လူတွေ အထိခိုက်ရှိလားဆိုတာမသိရသေးပါဘူး”ဟု ဒေသခံကျေးရွာသား တစ်ဦးကပြောသည်။

တိုက်ပွဲမှာ  ၄ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး နံနက် ၁ဝ ကျော်မှ ပစ်ခတ်သံများ ရပ်ဆိုင်းသွားခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း အမြောက်ကြီးများဖြင့်သာမက ရဟတ်ယာဉ်များဖြင့်ပါ တိုက်ခိုက်ခဲ့သဖြင့် ပြင်းထန်ပြီး လက်နက်ကြီးသံများ ကျရောက်ပေါက်ကွဲမှုကြောင့် ဖားပြိုကျေးရွာ(ချင်းတိုင်းရင်းသားများနေထိုင်)၊ မေလွမ်းကျေးရွာ၊ ခွဆုံကျေးရွာတို့မှဒေသခံများ ကြောက်လန့် စိုးရိမ်နေကြသည်ဟုလည်း ၎င်းက ပြောကြားသည်။

“ပစ်နေတာတော့ကြားနေရတယ်။ လူနေတဲ့ ရွာတွေဘက်ကို လက်နက်ကြီး ကျည်တွေ ကျတယ်လို့ သိရတဲ့ အတွက် စိုးရိမ်ရတယ်။ လက်နက်ကြီးပစ်ရင် အနီးအနားရှိ ရွာတွေဘက်ကိုလည်း ကျတာရှိတဲ့ အတွက် တိုက်ပွဲဖြစ်ရင် အမြဲစိုးရိမ်နေကြရပါတယ်”ဟု မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူးဗိုလ်မှူးကြီး ဇော်မင်းထွန်းတို့အား ဆက်သွယ်ရာဆက်သွယ်၍ မရရှိခဲ့ပါ။

တပ်မတော်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ထွန်းထွန်းညီသို့ ဆက်သွယ်ရာ ” ကျွန်တော်တို့ဘာမှ မသိရသေးဘူး”ဟု ပြောဆိုသည်။

၄င်းတိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် (AA)မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခအား နိရဥ္စရာမှ အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရရှိခဲ့ပါ။

၂ဝ၂ဝခုနစ်ဇန်နဝါရီ ၁ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA) အပါအဝင် ညီနောင် မဟာမိတ် သုံးဖွဲ့မှ တတိယ အကြိမ် တစ်ဖက်သတ် အပစ်ခတ်ရပ်စဲမှုကို ဖေဖော်ဝါရီ ၂၉ ရက်နေ့ထိ နှစ်လ တိုးမြှင့်လိုက်သည်ဟု ကြေညာချက် ထုတ်ပြန်ပြီး နောက်တွင်လည်း ရခိုင်တွင်တိုက်ပွဲများ ဆက်လက် ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး တပ်မတော် ဘက်မှလည်း ရဟတ်များဖြင့်တိုက်ခိုက်မှုများဖြင့် ပိုမို ပြုလုပ်လာကြောင်း တွေ့ရှိရသည်။

------------------------------

Unicode:



နိရဉ်စရာ၊ ဇနျနဝါရီ  ၁၁/၂ဝ၂ဝ











ဆက်စပ် သတင်းများ