ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

AA နှင့်ပတ်သက်၍ ဖမ်းဆီးစစ်ဆေးခံရသူ မာလာကျေးရွာသား ၄ဦး ၃ရက်အကြာ ပြန်လွတ်မြောက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 3.1k

သန့်မြတ်ခိုင်
စစ်တွေ၊ မတ် ၁၆/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မာလာကျေးရွာမှ ရွာသား ၄ ဦးအား တပ်မတော် စစ်ကြောင်းတစ်ခုက AA နှင့် ပတ်သက်မှု ရှိ/ မရှိ ၃ ရက်ခန့် ဖမ်းဆီးစစ်ဆေးပြီးနောက် ယမန်နေ့ ၃ နာရီခန့်က ပြန်လည် လွှတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။

လွှတ်ပေးလိုက်သော်လည်း သုံးညနှင့် သုံးရက် နောက်ပြန်ကြိုးတုတ်၊ မျက်နှာအားပိတ်ပြီး  ထမင်းအငတ်ဖြင့် မျောက်တောင်ထက်တွင် ဖမ်းဆီး စစ်ဆေးခံခဲ့ရသဖြင့် ဒဏ်ရာများရရှိခဲ့သည်ဟု ဖမ်းဆီးစစ်ဆေးခံခဲ့ရသူထဲမှ ဦးမောင်ကျန်ဆိုသူက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ အမျိုးမျိုးစစ်ဆေးတယ်။ မေးတယ်။ အေအေအဖွဲ့ နဲ့ပတ်သက်လို့ မေးတယ်။ မဟုတ်ဘူးပြောရင် ရိုက်တယ်။ ဒဏ်ရာတွေက ရင်တွေ၊ တင်တွေ၊ မျက်နှာတွေမှာရတယ်။ အမျိုးမျိုးနဲ့ရိုက်တယ်။ မျက်နှာကိုချုပ် နောက်ပြန်ကြိုး တုတ်ထားတော့ ဘာမှမမြင်ရဘူး။ ခြေရိုးတွေကို သံတုတ်တွေနဲ့ ကြိတ်တယ်။ ခြေသလုံးတွေကို ဓားနဲ့ထိုးတယ်။ ရင်ညွှန့်တွေကို ခြေထောက်နဲ့ ကန်တယ်။ တစ်ကိုယ်လုံးနာနေပါတယ်။ ခါးတွေလည်း သိပ်မဆန့်နိုင်ဘူး။ ကျနော်ကတော့ ဒဏ်ရာ သိပ်မရဘူး။ ဒါပေမဲ့ ရင်ဘတ်တွေ အောင့်နေတယ်။ ခြေထောက်တွေနဲ့ ရင်ဘတ်တွေကို ကန်ထားတာ။ ကျန်တဲ့သုံးယောက်မှာတော့ ဒဏ်ရာတွေပြင်းပါတယ်” ဟု ၎င်းက ပြောသည်။

၎င်းတို့ လေးဦးသည် မတ်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်းက တစ်ခြားရွာသားနှစ်ဦးနှင့်အတူ တပ်မတော် စစ်ကြောင်း တစ်ခု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း၊ နှစ်ဦးကို ပြန်လွတ်ပေးခဲ့ပြီးနောက်  ၎င်းတို့ လေးဦးကို နောက်ပြန်ကြိုးတုတ်ပြီး မျောက်တောင် ပေါ်သို့ခေါ်ဆောင်သွားခဲ့ကြောင်း၊ တစ်စုံတစ်ဦးဦးက တပ်မတော်စစ်ကြောင်းကို သတင်းမှားပေးပုံရကြောင်း ၎င်းက ပြောကြားသည်။

ပြန်လွတ်လာသူများမှာ ဦးမောင်ကျန်(၃၉)နှစ် အပါအဝင်  ဦးမောင်ဦး(၄၆)နှစ်၊ ဦးမောင်နုစိန် (၄၅)နှစ်၊ ဦးအေးကျော်ဝင်း(၃၈)နှစ်တို့ ဖြစ်ကြပြီး ကျန် ၃ ဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိ သွားကြောင်း ဦးမောင်ကျန်က ဆက်ပြောသည်။

၄င်းက“ သူတို့ပစ်တယ်။ ပြီးတော့ အေအေကိုပစ်တယ်ဆိုပြီးပြောတယ်။ တောင်ကိုတက်တဲ့ အချိန်မှာလည်း သူတို့ပစ်တယ်။ ဘုရားသိမ်မှာ ကျည်တွေကျတာလည်း အေအေ ပစ်တယ် ဆိုပြီးတော့ လိုက်ပြတယ် ကျနော်တို့ကို။ ကျနော်တို့ကိုယ်တိုင်မြင်တာ။ အဲဒါကို အေအေ ပစ်တယ်ဆိုပြီးတော့ ပြောတယ်။ အေအေတွေက ဘယ်လောက်ဆိုးလည်း ဆိုရင် ဘုရားကိုတောင် မရှောင် လမ်းကိုတောင်မရှောင် အားလုံးဖျက်ဆီးတယ်ဆိုပြီးတော့ ပြောပါတယ်။ သူတို့က ခင်းဗျားတို့ရွာမှ အေအေ ရောက်လားလို့မေးတယ်။ ရောက်ပါတယ်။ ထောက်ပံ့ကြေး ပေးလားပေးပါတယ်။ ဘယ်မှာသွားပေးတာလဲ ဟိုဘက်မှာပေးတယ် အဲလိုဖြေပါတယ်။ မပြောလို့ မရ။ မပြောရင် ရိုက်ပါတယ်။ နောက်ဆုံးတော့ မခံနိုင်ရင် ပြောဖို့ကျတယ်။ နောက်ပြီးတော့ သေနတ်တွေဘယ်မှာ ရှိလဲမေးတယ်။ မိုင်းထောင်တဲ့လူရှိတယ် ဒီရွာမှာ ဘယ်သူလဲမေးတယ်။ မရှိဘူးပြောရင် ရိုက်တယ်။ ဒီနေ့ တပ်ရင်းမှူးနဲ့ ကတိတစ်ခုခံပြီး အေးကျော်ဝင်းဆိုတဲ့သူမှာ သားက အေအေထဲမှာ တစ်ယောက်ရှိတယ်။ သူတို့က ကိုယ့်သားကို ကိုယ်ပြန်ခေါ်လို့ပြောပါတယ်။ သူကလည်း ခေါ်ပါမယ်ဆိုပြီးတော့ ကတိခံပြီးတော့ ပြောခဲ့ပါတယ်။ သူတို့က အားလုံး အသံ ဖမ်းထားပါတယ်။ ရွာမှာရှိတဲ့လူတွေ နာမည်တွေ စာရင်းတွေယူသွားတယ်” ဟု ပြောသည်။

တပ်မတော်စစ်ကြောင်း ယမန်နေ့ မျောက်တော်ဘက်မှ ပြန်လည်ထွက်ခွာချိန် ခပေါ်ရွာဘက်သို့ အထုတ်အပိုးများထမ်းပြီး ပို့ဆောင်ပေးခဲ့ရကြောင်း၊ ထမင်းမစားရသည်မှာ ၃ ရက်ရှိပြီဖြစ်သည့် အတွက်ကြောင့် အထုတ်အပိုးများထမ်းပြီး ပို့ပေးရချိန်တွင် တောင်ကိုမတက်နိုင်၍ ရိုက်နှက်ခံခဲ့ရသည်ဟုလည်း ၎င်းက ပြောဆိုသည်။

မာလာကျေးရွာသားတစ်ဦးက“သူတို့က ပြောဖို့တောင်ကြောက်နေကြတဲ့ပုံစံ ဖြစ်နေတယ်။ နောက်တစ်ခုက နောက်တခေါက်ငါတို့လာရင် ရွာမှာ ခင်ဗျားတို့ရှိနေရမယ်။ မရှိရင် ခင်ဗျားတို့ မလွယ်ဘူး ဆိုပြီးတော့ ပြန်လွှတ်လာသူတွေက ပြောပါတယ်” ဟု ပြောသည်။

မတ်လ ၁၃ ရက်နေ့က မာလာကျေးရွာအတွင်းသို့ တပ်မတော်စစ်ကြောင်း တစ်ခုက သေနတ် ပစ်ခတ် ဝင်ရောက်လာပြီး ကျေးရွာသား ၆ ဦးအားဖမ်းဆီးကာ ကျန် ၂ ဦးအား ဘုန်းတော်ကြီးကျောင်းတွင်ပြန်လည် လွှတ်ပေးခဲ့ကြောင်း ကျေးရွာသားများက ပြောသည်။

အလားတူ ယင်းနေ့ ညနေ ၄ နာရီခန့်တွင် တင်းမကျေးရွာသစ်အတွင်းသို့ အင်အား ၁ဝ ကျော်ခန့်ပါသည့် တပ်မတော်သားများ သေနတ်ပစ်ခတ်ဝင်ရောက်လာပြီး ကျေးရွာအတွင်းမှ လူအားလုံးအားစုခိုင်းပြီး ယင်းအထဲမှ ရွာသား ၈ ဦးအားမျက်လုံးများကို အဝတ်ဖြင့် စည်းနှောင်  ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ၄င်းတို့မှာ ယခုထိပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း ကျေးရွာသားတစ်ဦးက ယနေ့ နိရဥ္စရာသို့ ပြောသည်။

တင်းမကျေးရွာမှ ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ ဦးမောင်စိတ်ကြီး၊ ဦးကျော်ဝင်းမောင်၊ ဦးလှကျော်ကြီး၊ ဦးမောင်သန်းစိုး၊ ဦးစောရွှေသန်း၊ ဦးစံသာမောင်၊ ဦးမောင်မြအေးနှင့် ဦးမောင်ထွန်းစိန်တို့ ဖြစ်သည်။
--------------------------

Unicode:














ဆက်စပ် သတင်းများ