သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်နှင့် ချင်းပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီနှင့်အရပ်ဘက်အဖွဲ့အစည်းအချို့ သဘောထားထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 2.1k

မာန်ယုကျော်၊ ချစ်အိလှိုင်၊ ဆောင်းဇာခြည်
စစ်တွေ၊ မတ် ၁၇ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် တို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး နိုင်ငံရေး ပါတီအချို့နှင့် အရပ်ဘက်အဖွဲ့အစည်းအချို့တို့က သဘောထား ထုတ်ပြန်ခဲ့ကြသည်။

ရခိုင်အမျိုးသားပါတီ(ANP)မှ မတ်လ ၁၄ ရက်နေ့တွင် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး ၎င်း ထုတ်ပြန်ချက်ထဲတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့ပြီးသည့်ဖြစ်ရပ်များတွင် မြန်မာ့ တပ်မတော် စစ်ကြောင်းအချို့မှ အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ၊ အပြစ်မဲ့အရပ်ဖက် လူ့အသိုင်းအဝိုင်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုများအား ချက်ချင်းရပ်တန့်ပြီး ဆက်လက် ကျူးလွန်မှုများ မပြုလုပ်ရန် အတွက် ရှုတ်ချကန့်ကွက်ထားသည်။

ANP ပါတီ၏ မူဝါဒရေးရေးရာ ကော်မတီဝင် ပြောရေးဆိုခွင့်ရှိသူ  ဒေါ်အေးနုစိန်က "အဓိက ကတော့ စစ်ရေး အသာရလိုမှုနဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမှာ ကျေးရွာအဆောက်အဦး၊ သာသနိက အဆောက်အဦးတွေအပြင် ဆေးပေးခန်းနဲ့ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေကိုပါ ပစ်မှတ်ထားလို့ တိုက်ခတ်တဲ့ အဆင့်ထိ လုပ်လာ တာကတော့ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်မီး နှစ် ၇ဝ ကျော်မှာ ပထမဆုံး လုပ်ရပ်ဖြစ်တယ်။ လုံးဝ မလုပ်အပ်တဲ့ လုပ်ရပ်ဖြစ်တယ်။ လမ်းဘေး ဝဲယာ တစ်လျှောက်ကို ပစ်လိုက်တာဟာ ဆေးရုံပြောင်းပြေးရတဲ့ အဆင့်ဟာ အဲဒါတွေကို မလုပ် ရဘူးလေနော်။ သေဖို့အတွက် ကယ်ဆယ်ရေး ဒုက္ခသည်စခန်းမှာ နေသလို ဖြစ်နေပြီ။ ဆေးရုံမှာ အသက်ရှည်ဖို့အတွက် ကုသဖို့ သွားကြတာ အချိန်မရွေး မြန်မာ့တပ်မတော်က ပစ်တာကို ခံရနိုင်တယ်။  စိုးရိမ်သောကတွေနဲ့ ထွက်ပြေးနေကြရတဲ့ အဆင့်တွေက မဖြစ်အပ်တာလေ။ အဲဒီအပေါ်မှာ မှုတည်ပြီး ထုတ်ပြန်ချက်ထုတ်ခဲ့တာပါ။"ဟု ပြောသည်။

အလားတူ ယနေ့ မတ်လ ၁၇ ရက်နေ့တွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း သဘောထား ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်ချက်တွင် မတ်လ ၁၄ ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့နယ် မိတ်စာဝ (၁)ကျေးရွာ၊ မိတ်စာဝ(၂)ကျေးရွာ၊ မိတ်စာဝ(၃)ကျေးရွာတို့ကို မြန်မာ့တပ်မတော်က လေကြောင်းဖြင့်တိုက်ခိုက်သဖြင့် ကလေးသူငယ်များ၊ အမျိုးသမီးများအပါအဝင် အရပ်သား ၁၂ ဦးသေဆုံးပြီး ၁၅ ဦး ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ်များ မီးလောင်ပျက်စီး သွားကြောင်း၊ မတ်လ(၁၅)ရက်နေ့တွင်လည်း ချင်းပြည်နယ် ပလက်ဝမြို့နယ် ဝက်မကျေးရွာနှင့် ပြိုင်တင်ကျေးရွာကို မြန်မာ့တပ်မတော်က လေကြောင်းဖြင့်ထပ်မံတိုက်ခိုက်သဖြင့် ဝက်မကျေးရွာမှ အရပ်သား ၈ ဦး၊ ပြိုင်တင်ကျေးရွာမှ ၅ တန်းကျောင်းသားတစ်ဦးသေဆုံးပြီး ၁၂ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း၊ ပလက်ဝမြို့နယ်အတွင်း အရပ်သားသေဆုံးသူ ၂၁ ဦး၊ စစ်ဘေးရှောင် ဒုက္ခသည် ၁၅ဝဝ ခန့်ရှိလာသည့်အတွက် တပ်မတော်အနေဖြင့် လေကြောင်း တိုက်ခိုက်မှုအတွက် တာဝန်ရှိသူများအား စစ်ဆေးအရေးယူပြီး သေဆုံးသူများ၊ ထိခိုက်ဒဏ်ရာ ရရှိသူများနှင့် ပျက်စီးဆုံးရှုံးမှုများအားလုံးအတွက် တာဝန်ယူလျော်ကြေးရန်၊ ထိခိုက် နစ်နာသူ မိသားစုဝင်များအား တရားဝင် တောင်းပန်ရန်နှင့် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ အပစ်အခတ်ရပ်စဲသဘောတူစာချုပ် အမြန်ဆုံး လက်မှတ်ရေးထိုးကြရန် ထည့်သွင်း တောင်းဆို ထားသည်။

ရခိုင်ပြည်နယ်တွင် မတ်လ ၁၃ ရက်နေ့တွင် မြောက်ဦးမြ်ို့နယ် တိမ်ညိုတိုက်နယ်ဆေးရုံနှင့် ကျောက်တော်မြို့နယ် သိန်းတန်ကျေးရွာများတွင် မြန်မာ့တပ်မတော်၏ရမ်းသမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၃ ဦးသေဆုံးပြီး ကျောက်တော်မြို့နယ် သာစည်ကျေးရွာတွင် ၃ ဦး၊ ပေါင်း ၆ ဦးသေဆုံးပြီး ၂၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းအပြင် ရခိုင်ပြည်နယ်နှင့် နယ်စပ်ချင်း ထိစပ် လျက်ရှိသော ချင်းပြည်နယ် ပလက်ဝမြို့နယ် မီးဇာဝကျေးရွာကိုလည်း မြန်မာ့ တပ်မတော် လေကြောင်းဖြင့် တိုက်ပွဲမဖြစ်ဘဲ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် အမြောက်အများ မီးလောင်၍ လူ ၁၃ ဦးသေဆုံးသွားကြောင်း၊ ဤသို့ မြန်မာ့တပ်မတော်၏ လူမဆန်စွာ စစ်ရာဇဝတ်မှု ချိုးဖောက် ခြင်းများသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ကိုလည်း လေးစားမှုမရှိဘဲ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေခြင်းဖြစ်သည်ဟု မတ်လ ၁၇ ရက်နေ့က ထုတ်ပြန်လိုက်သည့် ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့၏ ဒါရိုက်တာ ဦးမြတ်ထွန်းက "လူ့အခွင့်အရေးချိုးဖောက်မှုတွေမဖြစ်ရအောင် ကျနော်ပြောချင်တာကတော့ နှစ်ဘက် ညှိနှိုင်းပြီးတော့ ငြိမ်းချမ်းရေးလုပ်ပါ။ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို သွားမယ်ဆိုရင်လည်း သွားပါ။ အဲလိုမှ မဟုတ်လို့ရှိရင် နှစ်ဘက်ညှိနှိုင်းပြီး အဲလိုမှမဟုတ်ဘဲ လက်နက်အင်အားကို အားကိုးပြီးတော့ တိုက်ခိုက်နေမယ်ဆိုရင် ဒီလူ့အခွင့်အရေးချိုးဖောက်မှုကတော့ အမြဲတမ်းဖြစ်နေမှာပဲ "ဟု နိရဥ္စရာကိုပြောသည်။

မတ်လ ၁၆ ရက်နေ့တွင်လည်း အမေရိကန် ရခိုင်လူမှုအဖွဲ့စည်း(ACC)က ကြေညာချက်တစ်စောင် ထုတ်ပြန်တောင်းဆိုထားသည်။

အဆိုပါကြေညာချက်တွင် ရခိုင်ပြည်အတွင်း၌ ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုနှင့် လူအခွင့်အရေးချိုးဖောက်မှုများအပေါ် လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုခုံရုံးဖွဲ့စည်းလျက် ပြစ်မှုကျူးလွန်သူများအား စစ်ရာဇဝတ်ခုံရုံး၌ ရုံးတင်စစ်ဆေးမှု ပြုလုပ်နိုင်ရေးအား ဦးတည်ဆောင်ရွက်ရန်နှင့် ရခိုင်အရပ်သားမြို့ရွာများသို့  လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ မပြုလုပ်နိုင်ရေးအတွက် ရခိုင်ပြည်မြောက်ပိုင်းဒေသအား လေယာဉ်မပျံသန်းရေးဇုန်အဖြစ် သတ်မှတ်ကြေညာမှု ပြုလုပ်ပေးရန် စသည့်အချက်များအပါအဝင် အချက်လေးချက်ကို ထည့်သွင်းတောင်းဆိုထားသည်။

ပြည်တွင်းစစ်၏ အနိဋ္ဌာရုံများအား အမြန်ဆုံးရပ်တန့်နိုင်ရေး နိုင်ငံရေးနည်းအရ တွေ့ဆုံ ဆွေးနွေးအဖြေရှာမှုအား အမြန်ဆုံး စတင်ကြရန်လည်း ရခိုင်အမျိုးသားအဆင့်မူဝါဒရေးရာ ညှိနှိုင်းရေးဆွဲရေးအဖွဲ့ (ANPCC)က မတ်လ ၁၅ ရက်နေ့တွင် ကြေညာချက်ထုတ်ကာ တိုက်တွန်းတောင်းဆိုထားသည်။

ANPCC ၏ ညှိနှိုင်းရေးမှူး ဦးထွန်းဇော်က "ကျနော်တို့ကတော့ အခုလက်ရှိ ရခိုင်ပြည်ထဲမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ဟာ တိုင်းပြည်ရဲ့ အခြေခံနိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ အဖြေ မရှာနိုင်လို့ ဖြစ်နေရတဲ့ ပဋိပက္ခပြဿနာလို့ ကျနော်တို့မြင်တယ်။ ဒီစစ်ပွဲကတော့ စစ်ရေးနည်းနဲ့ ဖြေရှင်းလို့ကတော့ ပြေငြိမ်းနိုင်မှာမဟုတ်ဘူး။ ပြည်တွင်းစစ်ကတော့ ကျနော်တို့ တိုင်းပြည်မှာ နှစ်ပေါင်း ၇ဝ ကျော်နေပြီဖြစ်တယ်။ အဓိကတော့ အခြေခံ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ အဖြေရှာနိုင်မှပဲ ဒီပြည်တွင်းစစ်က ချုပ်ငြိမ်းနိုင်မယ်လို့ ကျနော်တို့ကတော့ မြင်တယ်။"ဟု ပြောသည်။
 
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တိုက်ပွဲများပြင်းထန်နေမှုကြောင့် အပြစ်မဲ့သူများ သေဆုံး၊ ဒဏ်ရာရရှိမှုများနှင့် စစ်ဘေးရှောင်ဦးရေတို့သည်လည်း တစ်နေ့တခြား တိုးပွားလျက်ရှိနေသည်ဟု သိရသည်။

-----------------------------

Unicode:














 

ဆက်စပ် သတင်းများ