အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

မင်းပြားတိုင်းဗဟို (၉)အနီးတိုက်ပွဲဖြစ်ပွား၍ ကျေးရွာ ၅ ခုမှ လူပေါင်း ၁ဝဝဝ ကျော်ထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 1.6k

ချစ်အိလှိုင်

နိရဥ္စရာ၊ မတ် ၂၆/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကမ်းနီ တိုင်းဗဟို(၉)တန်းမြင့်လေ့ကျင့်ရေးကျောင်း၏ မြောက်ဘက် (၅) မိုင်အကွာ၌ ယနေ့ နံနက် ၉နာရီက တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ၄င်းတိုက်ပွဲဖြစ်ပွားရာ နေရာအနီးရှိ ကျေးရွာများ အတွင်းသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုများ ရှိသဖြင့် ကျေးရွာ ၅ ရွာမှ ဒေသခံပြည်သူ ၁ဝဝဝ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးသွားခဲ့ကြကြောင်း သတင်းရရှိသည်။

“ဒီနေ့ မနက်က တိုက်ပွဲဖြစ်တယ်။ တပ်မတော်နဲ့ အေအေတို့အကြား ကျွန်တော်တို့ရွာကို ကျည်တွေ လာထိတယ်။ ခုတော့ ကြောက်လို့ ကျွန်တော်တို့ ရွာသားတွေ ဒီနေ့မနက်ပဲ ငတက်ရွာကို ထွက်ပြေး လာကြတာပါ”ဟု ဖုံသာကျေးရွာမှ ဦးမောင်ဆန်းဝင်းက ပြောသည်။

ထွက်ပြေးကြသည့် ကျေးရွာသားများမှာ ခွဆုံကျေးရွာ(ချင်းကျေးရွာ)၊ ကျောက်မော်၊ တောင်ဘုတ်ကေ၊ ခွဆုံနှင့် ဖုံသာကျေးရွာများဖြစ်ကြပြီး စုစုပေါင်း လူ ၁ဝဝဝ ကျော်ခန့် ရှိသည်ဟု ဆိုသည်။

ယနေ့ နံနက် ၅ နာရီခန့်တွင် မြန်မာ့တပ်မတော် စစ်ကြောင်း တစ်ခုသည် ခွဆုံချင်းရွာထဲမှနေရာယူကာ အနောက်ဘက်တောင်တန်းများဘက်သို့ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ၎င်းတောင်တန်းမှ လက်နက်င်္ကြီး လက်နက်ငယ် ပစ်ခတ်သံများ အပြန်အလှန် ပစ်ခတ်သည်ကို ကြားခဲ့ရကြောင်း ဖုံသာကျေးရွာမှ ဦးမောင်ဆန်းဝင်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ တိုက်ပွဲ ဖြစ်တာ မှန်ပါတယ်။ ကျွန်တော်တို့ ရွာအနီးက တောင်တန်းများတွင် နှစ်ဘက် အပြန်အလှန် တိုက်ခိုက်သံများကို ကြားရပါတယ်” ဟု၎င်းက ဆက်ပြောသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ယနေ့ မတ်လ ၂၆ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

“ကျွန်တော်တို့ မင်းပြားမြို့ရဲ့အရှေ့ဘက်၊ တိုင်းဗဟို ၉ ရဲ့မြောက်ဘက် ၅ မိုင်လောက်ကွာတဲ့ တောင်ဘုတ်ကေ ရွာ အနီးမှာ ဒီနေ့မနက် ၈ နာရီလောက်က တိုက်ပွဲဖြစ်ပွားတယ်ဆိုပြီးတော့ ရွာသားတွေက တစ်ဆင့် သိရတယ်။ မနေ့က မြန်မာ့တပ်မတော်ကတိုက်ပွဲဖြစ်တာမရှိပဲ အပေါ်ကိုထောင်ပြီး ပစ်တယ်လို့ သိရတယ်။ ကျောက်မော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ လက်နက်ကြီးကျည် နှစ်လုံး ထိတယ်လို့လည်း ပြောကြတယ်။ ကျွန်တော်တို့ကတော့ အရပ်သားတွေကို ဦးတည်ပြီး တစ်စုံတစ်ရာ ထိခိုက်အောင် ဘယ်အဖွဲ့အစည်းကမှ မလုပ်စေချင်ဘူး” ဟုပြောသည်။

ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက တိုက်ပွဲဖြစ်နေခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ တစ်စုံတစ်ရာ သတင်းအကြောင်းကြားလာခြင်းရှိသေးသဖြင့် ပြန်မေးမြန်းပြီးမှ အတည်ပြုပေးနိုင်မည် ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား နိရဥ္စရာမှ ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

၄င်း မင်းပြားကမ်းနီ တိုင်းဗဟို (၉) တန်းမြင့်လေ့ကျင့်ရေးကျောင်းအား မတ်လ ၂၃ ရက်နေ့တွင် AA မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ၎င်းနေရာ အနီးဝန်းကျင်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း သတင်းများရရှိသည်။

၄င်း မင်းပြားကမ်းနီ တိုင်းဗဟို (၉) တန်းမြင့်လေ့ကျင့်ရေးကျောင်းအား မတ်လ ၂၃ ရက်နေ့တွင် AA မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ၎င်းနေရာ အနီးဝန်းကျင်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း သတင်းများရရှိသည်။

------------------

Unicode:


နိရဉ်စရာ၊ မတျ ၂၆/ ၂ဝ၂ဝ












ဆက်စပ် သတင်းများ