ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ရွာအလွန် အငူမော်-မောင်တောကားလမ်းပေါ်တွင် တိုက်ပွဲဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 3.2k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ ဇွန် ၂၂/ ၂ဝ၂ဝ 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်ကျေးရွာဘက်မှ မောင်တောဘက်သို့ အသွား အငူမော်- မောင်တောကားလမ်းပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောကြားသည်။

၎င်းတိုက်ပွဲမှာ ညနေ ၅ နာရီခန့်က ကိုးတန်ကောက်ကျေးရွာအနီးရှိ ဆားငံချောင်းတွင် ဖြစ်ကြောင်း၊ AA မှ နယ်ခြားစောင့်ကားတန်းကို တိုက်ခိုက်သည်ဟု ကြားရကြောင်း ကိုးတန်ကောက်ရွာသား တစ်ဦးက ပြောသသည်။

“ အဲဒီ နေရာက၊ ကိုးတန်ကောက်ရွာ အလွန် ဆားငံချောင်းလောက်က ပစ်သံတွေကို ကြားရပါတယ်။ နယ်ခြားစောင့်ကား သုံးစီး အတိုက်ခံရတယ်လို့ ကြားရပါတယ်။ သေချာတော့ ကိုယ်တိုင် မြင်ရတာတော့မဟုတ်ဘူး။ ပစ်သံတွေတော့ အကြီးအကျယ်ကြားရပါတယ်။ လက်နက်ငယ်ရော၊ လက်နက်ကြီးသံတွေရောကြားရပါတယ်” ဟု ၎င်းရွာသားက ပြောကြားသည်။ 

ပစ်ခတ်မှုမှာ အချိန်အနည်းငယ်သာကြာသော်လည်း ကိုးတန်ကောက် နယ်ခြားစောင့် စခန်းအပါအဝင် အင်းဒင်စခန်းဘက်မှလည်း လက်နက်ကြီး ပစ်ကူမှုများကို အချိန်အကြာကြီးကြားခဲ့ရသည်ဟုဆိုသည်။

သို့အတွက် ရွာအနီးအနားတွင် လယ်ထွန်နေကြသည့် လယ်သမားများ၊ ဟင်းခူးငါးရှာသူများမှာ ရွာသို့ ပြန်ပြေးလာကြသည်ဟု သိရသည်။  

၎င်းတိုက်ပွဲမှ ထွက်ပေါ်လာသော သေနတ်သံများကို အနီးအနားရှိ ကိုးတန်ကောက်၊ ချိန်ခါလီ၊ ဒုံးပိုက်၊ ဆင်ပိုက်ကျေးများသာမက မေယူတောင် တစ်ဘက်ရှိ စေတီပြင်၊ နေဗီဆိပ်၊ ဆင်အိုး၊ ညောင်ပင်လှ ကျေးရွာများမှလည်း ကြားခဲ့ရသည်ဟု ဒေသခံများက ပြောကြားသည်။ 

နိရဥ္စရာ သတင်းဌာန အနေဖြင့် တပ်မတော်ဘက်သို့ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသဖြင့် ယခုတိုက်ပွဲနှင့် ပတ်သက်ပြီး တပ်ဘက်က အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။ 

ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ရသေ့တောင်မြို့နယ် ကိုးတန်ကောက်နှင့် မောင်တောမြို့နယ် အင်းဒင်ကျေးရွာအကြားတွင် တိုက်ပွဲ ဖြစ်ပွားသည်ဟု သိရကြောင်း ယနေ့ ညနေ ၈ နာရီက ဆက်သွယ်စဉ် ပြောကြားသည်။

“ တိုက်ပွဲဖြစ်တာက မှန်တယ်။ ဖြစ်တာက ည ၅ နာရီဝန်းကျင်လောက်မှာ ဖြစ်တာ။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကားတန်းကို တိုက်တယ်လို့တော့ ကြားတယ်။ အခုထိ သေနတ်သံတွေကြားတယ်လို့ ဒေသခံတွေက ပြောကြတယ်။ အဲဒီဖြစ်တဲ့နေရာက ရွာတွေမရှိဘူး။ ဆယ်မိုင်လောက်က ရွာမရှိဘူး။ ဂဃနဏ သိဖို့တော့ မလွယ်ဘူး။ မိုးလည်းချုပ်သွားပြီဆိုတော့။ မနက်မှ သိချင်သိရမယ်” ဟု ၎င်းက ပြောကြားသည်။ 


ဆက်စပ် သတင်းများ