သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မင်းပြားမြို့ ဥက္ကာပျံရပ်ကွက်အုပ်ချုပ်ရေးမှူးဖမ်းဆီခံရသတင်းမမှန်ကန်၊ နေအိမ်အချို့ဝင်ရောက်စစ်ဆေးခံရခြင်းသာဖြစ်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 8.1k

အိမ်စိုးဖြူ

နိရဥ္စရာ၊ သြဂုတ် ၆ /၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ ဥက္ကာပျံရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဒေါင်းချေ ဖမ်းဆီးခံရသတင်းမှာ မဟုတ်မှန်ကြောင်း၊ နေအိမ်အချို့ ဝင်ရောက်စစ်ဆေးခံရခြင်းသာဖြစ်ကြောင်း ဥက္ကာပျံရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဒေါင်းချေက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ မနက်က ကျွန်တော်နဲ့ ရာအိမ်မှူး တွေကို ခေါ်ပြီး သူတို့ ရပ်ကွက်ထဲမှာ မသင်္ကာလို့ စစ်မယ်လို့ပြောတယ်။ အိမ် ၁၅ အိမ်ကို စစ်ခဲ့တယ်။ အိမ်ပေါ်တွေကို မတက်ခဲ့ဘူး။ အိမ်ထောင်စုစာရင်းနဲ့ လူဦးရေတွေကို မေးတယ်။ အိမ်ပေါ် မတက်ခဲ့ဘူးဆိုပြီး လက်မှတ်တွေထိုးခိုင်းတယ်။ အိမ်ရှင်တွေကို။ ရပ်ကွက်ထဲက လူတွေက ကျွန်တော်ကို ခေါ်သွားလို့ ဖမ်းတယ်ထင်ပြီး စိုးရိမ်နေကြတာပါ။ ဝင်စစ်ခံရတဲ့ မိသားစုတွေကတော့ နည်းနည်းကြောက်နေကြတယ်။ ကျွန်တော်ပါလာလို့ သိပ်မကြောက်ကြတော့ဘူး” ဟု ၎င်းက ပြောသည်။

မင်းပြားမြို့ ၃၇၉ တပ်ရင်းမှ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များပါသော ပူးပေါင်း တပ်ဖွဲ့ အင်အား ၅ဝ ခန့်မှ ယနေ့ မွန်းတည့် ၁၂ နာရီမှ ၃နာရီကြာ အိမ် ၁၅ အိမ်ကို ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ ဥက္ကာပျံအုပ်ချုပ်ရေးမှူး အဖမ်း ခံရတယ်ဆိုတာ မဟုတ်ပါဘူး။ ရပ်ကွက်ထဲကို စစ်တပ်နဲ့ ရဲတွေ ဝင်စစ်တာပါ။ ဖမ်းတာဆီးတာတွေလည်း မရှိပါဘူး။ ပြန်ထွက်သွားကြပြီ”ဟုပြောသည်။

ဝင်ရောက်စစ်ဆေးရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ သိရှိလိုသဖြင့် မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းငြိမ်းနိုင်အား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ် မှုမရရှိခဲ့ပါ။


ဆက်စပ် သတင်းများ