သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မင်းပြားမင်းပုန်းတောင်မှ ပစ်ခတ်သံများထွက်ပေါ်လာပြီးနောက် အနီးအနားရှိ စိတ္တရရွာထဲသို့ လက်နက်ကြီးကျ၍ ကျောင်းသားတစ်ဦးအပါအဝင် ၃ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 1.8k

ဆောင်းဇာခြည်

နိရဥ္စရာ၊ သြဂုတ် ၁၅/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ တပ်မတော်စခန်းချထားသည့် မင်းပုန်းတောင် အနီးဝန်းကျင်မှ သေနတ်ပစ်ခတ်သံများ ယနေ့နံနက် ၅ နာရီကျော်အချိန်တွင် ထွက်ပေါ်လာပြီး များမကြာမီ အနီးအနားရှိ စိတ္တရကျေးရွာအတွင်းသို့ လက်နက်ကြီး တစ်လုံး ကျရောက်ပေါက်ကွဲ၍ ကျောင်းသားတစ်ဦး၊ ကျောင်းဆရာ တစ်ဦး အပါအဝင်  ၃ ဦး ဒဏ်ရာ ရရှိသွားကြောင်း ကျေးရွာသားများက သတင်းပေးပို့သည်။ 

ဒဏ်ရာရရှိသွားသူများမှာ စိတ္တရကျေးရွာမှ ၇ တန်းကျောင်းသား မောင်ငလုံးချေ (၁၃) နှစ်၊ ကျောင်းဆရာ မောင်အေးမြင့်နိုင် (၂၂) နှစ်နှင့် ဦးမောင်တင်လှ (၆ဝ) နှစ်တို့ဖြစ်ကြသည်ဟု စိတ္တရ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဖြူထွန်းက ပြောသည်။

“လက်နက်ကြီးက မနက် ၅ နာရီကျော်လောက်ကပစ်တာ။ လက်နက်ငယ်တွေလည်းပါတယ်။ ရွာထဲက ငပျောကြီးအိမ်ရှေ့မှာ လက်နက်ကြီး တစ်လုံးလာကျပြီး အဲဒီလက်နက်ကြီး ကွဲပြီးတော့ အဲဒီဒဏ်ရာ ရသွားတဲ့ အိမ်တွေဆီကို ကျတာ။ ဒဏ်ရာရသွားတဲ့ သုံးယောက်ရဲ့ နေအိမ်တွေက အိမ်ချင်းကပ်လို့ပါပဲ။ ကိုယ့်အိမ်မှာ ကိုယ်နေရင်း လက်နက်ကြီးက လာကျတာ။ အေးမြင့်နိုင်က ကျွန်တော်တို့ရွာမှာ အလယ်တန်းတွေကို စာပြတာပါ။ အစိုးရဝန်ထမ်းတော့ မဟုတ်ဘူး” ဟု  ယနေ့ နံနက် ၆ နာရီခွဲခန့်က ပြောသည်။

မင်းပုန်းတောင်သည် စိတ္တရကျေးရွာ၏ အရှေ့မြောက်ဘက် ၁ မိုင်ခွဲခန့်အကွာ၌ တည်ရှိပြီး ယင်းတောင်ပေါ်တွင် တပ်မတော် စစ်စခန်း ရှိကြောင်း၊ ယနေ့နံနက်က အဆိုပါ မင်းပုန်းတောင်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကို အဆက်မပြတ် အချိန် တစ်နာရီကျော်ကြာ ကြားခဲ့ရသည်ဟု ဦးမောင်ဖြူထွန်းက ဆက်ပြောသည်။

စိတ္တရကျေးရွာသား တစ်ဦးဖြစ်သူ ဦးလှမောင်သိန်းက “ ကျွန်တော်တို့ လက်နက်ကြီး လက်နက်ငယ် ပစ်သံတွေကို ကြားရတယ်။ တိုက်ပွဲဖြစ်တာလား တိတိကျကျ မသိဘူး။ ရွာမှာ လူသုံးဦးဒဏ်ရာရတယ်။ ဒဏ်ရာတွေကတော့ မပြင်းကြပါဘူး။ အခုက ဒဏ်ရာ ရသွားတဲ့ သူတွေကို ရွာမှာ ဆေးမှူးက ဆေးကုသ ပေးနေကြပါတယ်။ အဲဒီမင်းပုန်းတောင်က လက်နက်ကြီး တွေနဲ့ ပစ်နေတာ အခုထိပါ” ဟု ယနေ့နက် ၆ နာရီ ၃၆ မိနစ်က ဆက်သွယ်စဉ် နိရဥ္စရာသို့ ပြောသည်။

ဒဏ်ရာများမှာ ဦးမောင်တင်လှတွင် ဘယ်ဘက်နားရွက်၊ မောင်ငလုံးချေ၌ ညာဘက်တင်သားနှင့် မောင်အေးမြင့်နိုင်တွင် ဦးခေါင်း၌ ၂ လက်မခန့် ရှပ်ထိ ပေါက်ပြဲသွားကြောင်း ဦးလှမောင်သိန်းက ပြောသည်။

လက်နက်ကြီးမှာ ဦးငပျောကြီး၏ နေအိမ်ခြံဝင်းရှေ့၌ လာကျကာ ယင်းလက်နက်ကြီးပေါက်ကွဲမှုကြောင့်  ဦးငပျောကြီးအိမ်၊ ဦးငမဲအိမ်နှင့် ဦးမောင်တင်လှတို့နေအိမ်များ၏ ခေါင်မိုးများမှာလည်း ပေါက်ပြဲသွားကြောင်း သိရသည်။

မင်းပြားမြို့ရှိ ၃၇၉ တပ်ရင်းမှလည်း ကျိန်းတောင်ထက်မှ လက်နက်ကြီးများဖြင့် စိတ္တရကျေးရွာအနီးရှိ မင်းပုန်းတောင်ဘက်သိ်ု့  လှမ်းပစ်ခတ်မှုများရှိကြောင်း၊ ကျေးရွာသားများမှာ ကြောက်လန့်ကာ ဗုံးခိုကျင်းများ၌ ပုန်းအောင်းလျှက်ရှိကြကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ ရွာသားတွေ သတင်းပို့တာက မင်းပုန်းတောင်ဘက်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်သံတွေကို ကြားရတယ်။ စိတ္တရကျေးရွာက ကျောင်းဆရာတစ်ဦး၊ ကျောင်းသားတစ်ဦး၊ အသက်၆ဝ ခန့် လူကြီးတစ်ဦးတို့ အနည်းငယ်စီ ဒဏ်ရာရကြတယ်။ ကျိန်းတောင်က တပ်ရင်းကနေ လက်နက်ကြီး ခုနှစ်လုံး၊ ရှစ်လုံးလောက် ပစ်တာကို ကြားရတယ်။ မနက် ၆ နာရီ မိနစ် ၂ဝ လောက် ကျိန်းတောင်က လက်နက်ကြီးစပစ်တယ်။ ရွာသားတွေ ပြောတာက သေနတ်သံတွေက မနက် ၅ နာရီကျော်ကနေ မနက် ၇ နာရီလောက်ထိတော့ကြားရတယ်လို့ ပြောတယ်။ တိုက်ပွဲဖြစ်လား၊ မဖြစ်လား၊ သူတို့လည်း တိတိကျကျ မသိဘူးလို့ ဖုန်းဆက်ပြီး ကျွန်တော်ကို ပြောကြပါတယ်” ဟု ပြောဆိုသည်။ 

မင်းပုန်းတောင် အနီးဝန်းကျင်မှ သေနတ်ပစ်ခတ်သံများမှာ တပ်မတော်နှင့် AA တို့အကြား ဖြစ်ပွားသည့်  နှစ်ဘက်တိုက်ပွဲ ဟုတ်/မဟုတ်ကို နိရဥ္စရာသတင်းဌာအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။ 


ဆက်စပ် သတင်းများ