သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မင်းပြားရာမောင်တံတားအနီးတိုက်ပွဲဖြစ်၊ကားများအသွားအလာရပ်ဆိုင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 9.4k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊စက်တင်လဘာ၂/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး ယနေ့ နံက်နက် ၅ နာရီ ၄၅ မိနစ်မှ စတင်ပြီး ရာမောင်တံတားထိပ်နှင့် ငစရိုင်းချောင်း ပတ်ဝန်းကျင်တွင် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

တိုက်ပွဲမှာ စတင်ဖြစ်ပွားချိန်က ပြင်းထန်ခဲ့ပြီး လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများကို ပြင်းပြင်းထန်ထန် ကြားခဲ့ရကာ လက်ရှိအချိန်ထိ ရပ်လိုက်၊ ပစ်လိုက် ဖြစ်နေကြသည်ဟု ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်က ဆက်သွယ်စဉ် အနီးအနားရှိ ကျေးရွာ တစ်ခုမှ ဒေသခံ တစ်ဦးက ပြောသည်။

“ အသံတွေတော့ ရာမောင်တံတားနဲ့ ဘိတ်တောင်ကြား အဲဒီနေရာတွေဘက်က ကြားရပါတယ်။ ဒေသခံတွေက အဲဒီနေရာကို ဆနွင်းတောင်ဝလို့လည်း ခေါ်ပါတယ်။ အခုအချိန် ပစ်သံတွေကို ရပ်လိုက်၊ ပစ်လိုက်ကြားနေရပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောကြားသည်။

မည်သို့ မည်ပုံ စတင်ဖြစ်ပွားခဲ့သည်ကို အရပ်သားတစ်ဦးအနေဖြင့် သိရှိရန် မလွယ်ကူကြောင်း၊ လူတိုင်း အိမ်ထဲတွင် ပုန်းနေကြရကြောင်း ၎င်းပြောကြားသည်။

“ ကားတွေ အသွားအလာ မရှိဘူး။ ကုန်တင်ကားတစ်ချို့တော့ ဇက်ကူးတို့ ဆိပ်မှာ ရပ်ထားတာကို တွေ့ရပါတယ်။ ရန်ကုန်ဘက်က လာတဲ့ ကုန်တင်ကားတွေလည်း မရှိပါဘူး” ဟု ပြောကြားသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွှန့်သို့ ဆက်သွယ်ရာ တိုက်ပွဲ ဖြစ်ပွားခြင်းမှာ ဟုတ်မှန်ကြောင်း၊ သေနတ်သံများကို မင်းပြားမြို့ပေါ်မှလည်းကြားရကြောင်း၊ ယခုလက်ရှိတွင် သေနတ်သံများ တိတ်သွားပြီ ဖြစ်ကြောင်း ယနေ့ နံနက် ၉ နာရီ မိနစ် ၃ဝ က ဆက်သွယ်စဉ် ပြောကြားသည်။

( ဖော်ပြပါ ဓာတ်ပုံမှာ လွန်ခဲ့သည့် လအနည်းက မင်းပြားမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဓာတ်ပုံ ဖြစ်ပါသည်။ ယခုတိုက်ပွဲနှင့် သက်ဆိုင်မှု မရှိပါ။)

ဆက်စပ် သတင်းများ