ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ဗျူဟာအရ အရေးပါသောအောင်သာစည်စိုးမိုးတောင်ကုန်းကို ကြည်း၊ ရေ၊လေပူးပေါင်းတိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 2.3k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၁၃/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မြောက်ပိုင်း၊ ကျောက်တန်းတန်မြေမှ ဗျူဟာအရ အရေးပါသော အောင်သာစည်ကျေးရွာအနီးရှိ စိုးမိုးတောင်ကုန်းကို တပ်မတော်က ကြည်း၊ရေ၊လေတပ်ဖွဲ့များဖြင့် တိုက်ခိုက်နေသည်ဟု ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရသည်။

ယနေ့နံနက် ၇ နာရီခန့်မှစပြီး အောင်သာစည်အနီးရှိ တောင်ကုန်းကို ရသေ့တောင် အခြေစိုက် တပ်ရင်းများနှင့် ရေစိုးချောင်းဗျူဟာ၊ ထီးစွဲရွာတွင် အခြေစိုက်ထားသော စစ်ကြောင်းများမှ လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်ခဲ့ပြီး မနက် ၉ နာရီခွဲတွင် ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့သည်ဟု မျက်မြင်ကျေးရွာသားများက ပြောကြားသည်။  

“ ရသေ့တောင်တပ်ရင်းတွေက အမြောက်ကြီးတွေနဲ့ ပစ်တယ်။ ရေစိုးချောင်းဗျူ၊ ထီးစွဲ၊ ဘူးသီးတောင် တပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ ပစ်တယ်။ မေယုမြစ်ထဲက ဇက်ရေယာဉ်ပေါ်ကလည်း ပစ်တယ်။ မနက် ၉ နာရီခွဲမှာ ဂျက်တိုက် လေယာဉ် နှစ်စီးနဲ့ လာဗုံးကြဲတယ်။ အခု အချိန်ထိ ကြဲနေပါတယ်။ အသံတွေက တောတစ်ခုလုံး၊ တောင်တစ်ခုလုံး ဆူညံနေပါတယ်” ဟု ဒေသခံ တစ်ဦးက ယနေ့ မနက် ၉ နာရီ ၄ဝ မိနစ်က ဆက်သွယ်ပြောကြားသည်။

လက်ရှိတွင် ကျောက်တန်း၊ အောင်သာစည်ဘက်မှာ မီးခိုးလုံကြီးများ တက်လာသည်ကို မြင်ရကြောင်း၊ နောက်ပိုင်းတွင် လေယာဉ်ပြန်သွားပြီးနောက် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများကို ဆက်တိုက်ကြားရကြောင်း သောင်းဒရားကျေးရွာ ဒေသခံ တစ်ဦးက ပြောကြားသည်။

“ ကျွန်တော်တိ်ု့ ရွာပြင်ကို ထွက်ကြည့်တော့ မီးခိုးလုံးတွေ တက်လာတာကို မြင်ရတယ်။ ကျောက်တန်း၊ အောင်သာစည်ဘက်က။ မနက်က ဂျက်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတယ်။ ၉ နာရီ ၄ဝ ဝန်းကျင်လောက်ကပါ။ အခု ကျောက်တော်ဘက်ကို ပျံသွားကို မြင်ရပါတယ်။ လေယာဉ် မလာခင် ရသေ့တောင်မြို့ပေါ်က ၅၃၆၊ ၅၃၇ နဲ့ ၅၃၈ တို့က လက်နက်ကြီးတွေ လှမ်းပစ်ပါတယ်။ ရွာပေါ်က ဖြတ်သွားပါတယ်။ ဇက်ရေယာဉ်တွေ ပေါ်ကလည်း လက်နက်ကြီးတွေနဲ့ ကျောက်တန်း၊ အောင်သာစည်ဘက်ကို ပစ်တယ်။ အခု ၁ဝ နာရီမှာ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ဆက်ကြားနေရပါတယ်” ဟု ၎င်း သောင်းဒရား ဒေသခံ တစ်ဦးက ပြောသည်။

ဘူးသီးတောင်မြို့နယ်တောင်ပိုင်း စေတီတောင်ကျေးရွာမှ ဒေသခံ တစ်ဦးကလည်း “ ဘူးသီးတောင်တပ်မက ပစ်တယ်ထင်တယ်။ တစ်အားပစ်တယ်။ ဟို ထီးစွဲဘက်ကို ပစ်နေတယ်။ တော်တော်ပစ်ပါတယ်” ဟု ပြောကြားသည်။

ရသေ့တောင်မြို့နယ်၊ ထီးဆွဲကျေးရွာအနီး စိုးမိုးတောင်ကုန်းနေရာများ လုံခြုံရေးတပ်ဖွဲ့ဝင်များကတိုက်ခိုက်ခဲ့ရာ အောက်တိုဘာ ၄ ရက် နံနက် ၂ နာရီခန့်တွင် အပြီးတိုင် သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ၎င်းနေ့ နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။

အောင်သာစည်ကျေးရွာအနီးကို စိုးမိုးတောင်ကုန်းသည် မြန်မာ့တပ်မတော်မှ သိမ်းပိုက်ခဲ့ပြီး ၂၄ နာရီအတွင်း ရက္ခိုင့်တပ်တော် (AA) ပြန်လည်သိမ်းပိုက်ခဲ့သည်ဟု AA မှ သတင်းထုတ်ပြန်ခဲ့သည်။

(ဓာတ်ပုံ- ယ နေ့နံနက် အောင်သာစည်ကျေးရွာမှ မီးခိုးလုံးများတက်လာသည်ကို သောင်းဒရားရွာဘက်က တွေ့ရစဉ်။ ၎င်းကျေးရွာတွင် ရွာသားများ ရွာကို စွန့်ခွာထွက်ပြေးသွားကြပြီဖြစ်သဖြင့် ရွာတွင် ရှိမနေတော့ပါ။)

ဆက်စပ် သတင်းများ