သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စေတီပြင် မေယုတောင်အထက်နန်းရာကျော်လမ်းတွင် တိုက်ပွဲ ဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.4k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၂၆/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အနောက်ပိုင်း စေတီပြင်ကျေးရွာအနီးရှိ အထက်နန်းရာ တောင်ကျော်လမ်းတွင် ယနေ့နံနက်က ၈ နာရီကျော်မှ စတင်ပြီး တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

“ ဟိုမောင်တောမြို့နယ် ကျောက်ပန်းတူဘက်က လာရင် ဒေသခံတွေ အခေါ် ဂျပန်မြောင်ဆိုတာရှိတယ်။ အဲဒီနားလောက်မှာ အေအေနဲ့ တပ်မတော်နဲ့ တိုက်ပွဲနဲ့ ဖြစ်နေတယ်လို့ ကြားရပါတယ်။ ပစ်ခတ်သံ တွေကိုတော့ ကျနော်တို့ရွာက ကြားနေရပါတယ်” ဟု ယနေ့နံနက် ၉ နာရီက ဆက်သွယ်စဉ် ချွတ်ပြင် ကျေးရွာလူကြီး တစ်ဦးက ပြောသည်။

၎င်းနောက် သေနတ်သံများ အထက်နန်းရာတောင်ကျော်လမ်း နေရာနှစ်ခုတွင် ထပ်မံကြားခဲ့ရကြောင်း  ၎င်းက ဆိုသည်။

“ မနက် ၁၁ နာရီလောက်မှာတော့ သေနတ်သံတိတ်သွားပါတယ်။ ရွာသားတွေကတော့ တိုက်ပွဲဖြစ်ရင် ကြောက်ရပါတယ်။ ဘာတွေဖြစ်နေတယ်ဆိုတာတော့ မပြောနိုင်ဘူး” ဟု ပြောဆိုသည်။

၎င်းပြင် မေယုမြစ်ထဲ မင်းကျွန်းအနီးတွင်လည်း တိုက်ပွဲ ဖြစ်ပွားပုံရပြီး ဇက်ရေယာဉ်ပေါ်မှ ပစ်ခတ်သံများကို ကြားခဲ့ရသည်ဟု ဒေသခံများက ပြောဆိုသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ တိုက်ပွဲဖြစ်တယ်။ မေယုတောင် အထက်နန်းရာ တောင်ကျော်လမ်းမှာ ဖြစ်တယ်။ လမ်းမှာ ရွာတွေမရှိတော့ အတိအကျ သတင်း မသိရဘူး။ တော်တော်ခေါင်တဲ့ နေရာတွေ။ သေနတ်သံကြားရတာလောက်ပဲ သိတယ်။ ဟိုဘက် အနောက်ဘက် ကျောက်ပန်းတူ လမ်းဝမှာ တစ်နေရာဖြစ်တယ်။ အရှေ့ဘက်က စေတီပြင်ဘက် အထက်နန်းရာ ချောင်းမှာလည်း တစ်နေရာ ဖြစ်တယ်။ ဒီလိုဘဲကြားပါတယ်” ဟု ပြောကြားသည်။

(ဓာတ်ပုံ- မေယုတောင် အထက်နန်းရာတောင်ကျော်လမ်းကို ၂ဝ၁၉ ခုနှစ်အတွင်းက ဖောက်လုပ်နေသည်ကို မြင်တွေ့ရစဉ်)

ဆက်စပ် သတင်းများ