စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ် ဆင်ခုံးတိုင်ကျေးရွာသားများ ရွာလုံးကျွတ်ထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 2k

သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၁၁/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ဆင်ခုံးတိုင်ကျေးရွာတွင် ယမန်နေ့က လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသားများသည် ဘူးသီးတောင်မြို့နယ်ဘက်သို့ ရွာလုံးကျွတ် ထွက်ပြေးသွားပြီဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ ညနေ ၄ နာရီခန့်က ဆင်ခုံးတိုင်ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားပြီးနောက် ရွာသားများသည် ယခုကဲ့သို့ ရွာလုံးကျွတ်ကြောက်လန့် ထွက်ပြေးသွားကြခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က နိရဥ္စရာသတင်းဌာနသို့ အတည်ပြု ပြောသည်။

“အခုရွာမှာဘယ်သူမှ မရှိတော့ဘူး။ ရွာလုံးကျွတ်ထွက်ပြေးသွားကြပြီ။ ဆင်ခုံးတိုင် မြောက်ဘက်က ရွာနဲ့ ဟိုဘက် မေယူမြစ်တစ်ဘက်က ရွာတွေကိုပြေးတာ။ ဘူးသီးတောင်မြို့နယ် စေတီတောင်၊ သေကံခွဆုံ အဲဒီဘက်ကို ပြေးကြတာ။ လက်နက်ကြီးကျတာက ၄ နာရီခွဲ အဲဒီကတည်းက ပြေးတာပဲ။ အဲဒီကတည်းက ရဟတ်ယာဉ်တွေနဲ့ ပစ်နေတာလည်းရှိတယ်။ အဲဒီရွာအနီးအနားက တောင်တန်းတွေကို ပစ်တာရှိတယ်”ဟု ၄င်းက ပြောသည်။

ယမန်နေ့ညနေပိုင်းက ရဟတ်ယာဉ်ပေါ်မှ စက်သေနတ်နှင့်ပစ်ခတ်သည့်အပြင် လက်နက်ကြီး များနှင့်လည်း ပစ်ခတ်မှုကြောင့် ကျေးရွာအနီးကျရောက်ပေါက်ကွဲကာ အမျိုးသမီးတစ်ဦး လက်တွင်ဒဏ်ရာရရှိသွားကြောင်း၊ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရွာသူရွာသားများမှာ ကျေးရွာ အတွင်း မနေရဲသည့်အတွက် ထွက်ပြေးရခြင်း ဖြစ်သည်ဟု ဘူးသီးတောင်မြို့နယ် သေကံခွဆုံ ကျေးရွာသို့ ရောက်ရှိနေသည့် ဆင်းခုံးတိုင်ကျေးရွာမှ စစ်ဘေးရှောင်ဒုက္ခသည်တစ်ဦးက ပြောသည်။

၄င်းက “အခုလိုထွက်ပြေးနေရရင် စားဝတ်နေရေး အခက်အခဲဖြစ်မယ်။ စီးပွားရေးတွေလည်း အကုန်လုံးဆုံးရှုံး နစ်နာတော့မယ်”ဟု ပြောသည်။

ထွက်ပြေးသွားကြသူများအား ဖြစ်သလိုနေရာချပေးထားရသည်ဟုလည်း ကူညီဆောင်ရွက် ပေးနေသူများက ပြောသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်နေမှုကြောင့် ယခုကဲ့သို့ ရွာလုံးကျွတ် ထွက်ပြေး နေရမှုများရှိနေပြီး တစ်ပြည်နယ်လုံးတွင် စစ်ဘေးဒုက္ခသည်ဦးရေ တစ်သိန်းခြောက်ထောင် ကျော်ရှိနေပြီ ဟုလည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)က ဇန်နဝါရီလအတွင်း ထုတ်ပြန်ထားသည်။

----------------------------

Unicode:











ဆက်စပ် သတင်းများ