စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

စစ်ကောင်စီက သံတွဲမြို့ထဲကို လက်နက်ကြီးဖြင့်ပစ်ခတ်၍ လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရပြီး အမျိုးသမီးတွင် မျက်လုံးထိခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 2.3k

လူထက်နိုင်( ဒွါယာမြီ)၊နိရဥ္စရာ၊ဇူလိုင် ၁၀/ ၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့ထဲကိုပါ စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်လျက်ရှိရာ ဇူလိုင်လ ၉ရက်နေ့တွင် ညောင်ပင်စျေးရပ်ကွက်နှင့် ဒွါရာဝတီမြို့သစ်တို့တွင် လက်နက်ကြီး ရောက်ပေါက်ကွဲပြီး ဒေသခံ လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရကာ အမျိုးသမီးတွင် မျက်လုံးထိခိုက်သွားကြောင်း သတင်းရရှိသည်။

ဒေသခံတစ်ဦးက “မနေ့က ဘာမှမဆိုင်တဲ့ သံတွဲမြို့ ညောင်ပင်ဈေး အောင်မင်္ဂလာလမ်းကို ကျရောက် ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးအစတွေ ထိမှန်လို့ အပြစ်မဲ့ပြည်သူ အမျိုးသမီးတယောက် မျက်စိ ထိတယ်။ ပြန်မြင်ရဖို့  မလွယ်တော့ဘူး။ တင်ပါး ဒဏ်ရာပြင်း ခြေသလုံး အရိုးပေါ် ထိခိုက်ခဲ့တယ်။ လင်မယား နှစ်ယောက်လုံးထိတာ အမျိုးသားမှာလည်း ထိသွားတယ်” ဟု ပြောသည်။

ဇူလိုင်လ ၉ရက်နေ့ ညနေပိုင်း ၆ နာရီခွဲ ခန့်မှာ သံတွဲမြို့အမှတ်(၄)ရပ်ကွက်၊ ညောင်ပင်ဈေးသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ညောင်ပင်ဈေးလူနေရပ်ကွက်သို့ လက်နက်ကြီး ၆လုံးခန့် ကျရောက်ခဲ့ပြီး  မပေါက်ကွဲသော လက်နက်ကြီး ကျည် (၅)လုံးခန့်ရှိခဲ့ပြီး အနီးအနားရှိ လူနေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်းလည်းသိရသည်။

အလားတူ ဒွါရာဝတီမြို့သစ် ရွှေဆံတော်ဘုရားတောင်၏ ခြေရင်းသို့ လည်း လက်နက်ကြီးကျရောက် ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုတချို့ရှိခဲ့ကြောင်းသိရ သည်။

သံတွဲမြို့ရှိ စစ်ကောင်စီတပ်အထိုင်ချထားသော စာနီတောင်အနီးရှိ သခိုးစမ်းမှ လက်နက်ကြီးများ ပစ်ခတ်ပြီး လေယာဉ်ဖြင့်ဗုံးကြဲမှုများလည်းရှိကြောင်းသိရသည်။

သံတွဲမြို့ပေါ်ကို ဇွန်လ ၂၄ရက်က တစ်လုံး၊ ဇူလိုင် ၈ရက်က နှစ်လုံး စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ခဲ့ပြီး ပေါက်ကွဲခြင်းမရှိခဲ့သော်လည်း ပြည်သူများ စိုးရိမ် ထိတ်လန့်လျက်ရှိကြောင်း သိရသည်။

ဇူလိုင်လ ၈ ရက်နေ့ မွန်းလွန် ၃နာရီ ဝန်းကျင်တွင် သံတွဲမြို့၊ အမှတ် ၄ရပ်ကွက်ရှိ ဦးစိုးရွှေ၏ နေအိမ်နှင့် အမှတ် ၁ရပ်ကွက်၊ ဆေးရုံပိုင်းအနီးရှိ စံပါယ်လမ်းထိပ်အနီး လူနေအိမ်တလုံးပေါ်သို့ စစ်ကောင်စီ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျရာက်ခဲ့ကြောင်းသိရသည်။

ထို့အပြင်  အမှတ် ၆ရပ်ကွက်ရှိ ဗောဓိကုန်းရေလှောင်တမံ ဝန်းကျင်သို့ လေကြောင်းဗုံးကြဲမှုများ ပြုလုပ်နေပြီး  လူနေရပ်ကွက်အနီးကွင်းပြင်သို့ လက်နက်ကြီးကျည်များ ကျရောက်ကာ ပြည်သူများလည်း ထိတ်လန့်ကာ နေရာရွှေ့ပြောင်းခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

 

ဆက်စပ် သတင်းများ