စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

စစ်ကောင်စီက ဗုံးကြဲ၍ သံတွဲ အထက၂ စာသင်ကျောင်းထိခိုက် ပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 2.2k

လူထက်နိုင်( ဒွါရာမြီ)၊နိရဥ္စရာ၊ ဇူလိုင် ၁၂/ ၂၀၂၄


သံတွဲမြို့အနှံ့ကို ဇူလိုင် ၁၁ရက်နေ့ ညနေကနေ ညသန်းခေါင်ထိ စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးကြဲခဲ့သောကြောင့် သံတွဲမြို့ အထက ၂ ကျောင်းအပါအဝင် တချို့နေရာများ ထိခိုက်ပျက်စီးမှု တချို့ရှိကြောင်း ဒေသခံများထံမှသိရသည်။

 

“ ညနေပိုင်းက လေယာဉ် နဲ့ဗုံးကြဲတာပါ။ ညဘက်အထိ ကြဲတုန်းပါပဲ။ အမှတ် ၂ ကျောင်းကတော့ တော်တော်ထိခိုက်ပျက်စီးသွားတယ်။ တချို့မြို့ထဲတွေကို ကျတာလည်းရှိတယ်။ ဒိုးတောင်ကိုလည်းကျတယ်။ အိမ်အပျက်အစီးတွေ လည်းရှိတယ်။ မြို့ထဲနဲ့ တချို့နေရာတွေကို အလွယ်တကူ သွားလို့ မရတော့ အတိအကျမသိရသေးဘူး။ အထက ၂ က ဒွာရဝတီမြို့သစ် ဆီအုံးခြံနားမှာရှိတာ။  အနီအနား ပြည်သူတွေ ထွက်ပြေးကြရပြီ” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။

 

ဇူလိုင်လ ၁၂ ရက်နေ့မနက်ပိုင်းတွင် သံတွဲမြို့ရှိ နေရာတချို့တွင်ပြည်သူများ အသွားအလာ နည်းပါး နေပြီး ဒွာရာဝတီမြို့သစ်တံတားနှင့် သံတွဲအကျဉ်းထောင်အနီတဝိုက်တွင် စစ်ကောင်စီမှ အင်အား ဖြည့်ထားကြောင်းသိရသည်။




 

သံတွဲမြို့နယ်ရှိ ပဒဲကောရွာကိုလည်း ဇူလိုင် ၁၁ရက်နေ့ နံနက် ၈ နာရီကျော်က စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်သဖြင့် သက်ကြီးအမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

 

ရွာအဝင်ဝကို လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး ၅၀ကျော် အမျိုးသမီး တစ်ဦး သေဆုံးကာ ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်းသိရသည်။

 

သံတွဲမြို့ကို အာရက္ခတပ်တော်မှ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီး စစ်ကောင်စီအနေနဲ့ သံတွဲ အကျဥ်းထောင်၊ သူခိုးစမ်း နှင့် အခြားတောင်ထိပ်တစ်ခုတွင် လက်နက်ကြီးတပ်ဆင်ကာ ခုခံနေကြောင်း သိရသည်။

 

သံတွဲမြို့နယ်အတွင်း စစ်ကောင်စီရဲ့ သံတွဲအခြေစိုက် တပ်ရင်းများထဲက နောက်ဆုံး လက်ကျန် စခန်းတစ်ခုဖြစ်သည့်  ခလရ (၅၅) တပ်ရင်းကို ဇူလိုင်လ (၉) ရက်၊ မနက် (၉) နာရီ (၄၅) မိနစ်အချိန်တွင်  အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ယမန်နေ့က ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။

 

သံတွဲအခြေစိုက်တပ်ရင်းတစ်ခုဖြစ်သော ခမရ (၅၆၆) အား ဇွန်လ (၂၇) ရက်၊ ညနေ (၅) နာရီ (၃၀) မိနစ်တွင် အလုံးစုံသိမ်းပိုက်ပြီးသည့်နောက်တွင် ထွက်ပြေးလွတ်မြောက်နေသောရန်သူများ၊ စစ်ကူ လာပေးသော ရန်သူများ နှင့် သံတွဲမြို့ထဲမှ လက်ကျန် ရန်သူများသည် သံတွဲမြို့ နှင့် သံတွဲမြို့အနီး ပတ်ဝန်းကျင်မှ ခုခံစစ်များကိုဆင်နွှဲရန် ပြင်ဆင်နေသောကြောင့် သံတွဲမြို့တစ်ခုလုံးအား အပြီးသတ် သိမ်းပိုက်ရယူနိုင်မည့် ထိုးစစ်များကို ဆက်လက်ဆင်နွှဲရအုံးမည်ဖြစ်ကြောင်း အာရက္ခတပ်တော်မှ ဇူလိုင် ၁၁ ရက်တွင်ထုတ်ပြန် ထားသည်။

 

ပုံစာ- စစ်ကောင်စီဗုံးကြဲသောကြောင့်ပျက်စီးသွားသော သံတွဲ အထက ၂ အားတွေ့ရစဉ်။ဓာတ်ပုံ-ပေးပို့

ဆက်စပ် သတင်းများ