ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

မင်းပြားမြို့နယ်မှ ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်ဝင်ရောက်လာ၍ ကျေးရွာသားများ တိမ်းရှောင်နေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 9.1k

နိရဉ္စရာ၊ ဇွန် ၂/ ၂၀၂၂
ရခိုင်ပြည်၊ မင်းပြားမြို့နယ်မှ ကျေးရွာ ၂ ရွာကို အင်အား ၇၀ ခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့တစ်ခုမှ ဇွန် ၁ ရက်နေ့က ဝင်ရောက်လာသည့်အတွက် ကျေးရွာသားတချို့ တိမ်းရှောင်နေရကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်ခဲ့သည့် ကျေးရွာ ၂ ရွာမှ မင်းပြားမြို့နယ် သမင်ခြေရာနှင့် ငတန်ပျင်းကျေးရွာ ဖြစ်ပြီး ယခုအခါ ကျေးရွာသားတချို့ တိမ်းရှောင်နေရကြောင်း ကျေးရွာသား တစ်ဦးက ပြောသည်။
“သူတို့က စစ်တာမေးတာတွေတော့မရှိဘူး။ ဒါပေမဲ့သူတို့ ဝင်လာတော့ ရွာသားတွေက စိုးရိမ်ပြီးရှောင် နေကြတယ်။နောက်ထပ် ညဉ့်အချိန် လာမယ်ကြားလို့ တချို့ဆို ရွာမှာမအိပ်ကြလို့သိရတယ်။ အဲဒီရွာတွေက စစ်တပ်နဲ့ နီးတော့ အချိန်မရွေးလာနိုင်တယ်လေ” ဟု ၎င်းက ပြောသည်။
အဆိုပါ ကျေးရွာသို့ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့များမှာ မင်းပြားအခြေစိုက် (၃၇၉) တပ်ရင်းမှတပ်ဖွဲ့ဝင်များဖြစ်ကြောင်းသိရသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့မှာ ကြပ်စင်ကျွန်းဘက်သို့သွားရန် ပြင်ဆင်ခဲ့သော်လည်း ကြပ်စင်ကျွန်း တံတားအရောက်တွင် ပြန်လှည့်လာခဲ့ကြောင်းလည်း မျက်မြင် အမျိုးသမီးကပြောသည်။
“ ရွာကထွက်ပြီး ကြပ်စင်ကျွန်းဘက်ကို သွားတာကို တွေ့ရတယ်။ ကြပ်စင်ကျွန်းတံတားကို ရောက်တော့ တံတားကို မကူးဘဲ ပြန်လှည့်လာခဲ့တာကို တွေ့ရပါတယ်” ဟု အဆိုပါ အမျိုးသမီးကပြောသည်။
မင်းပြားမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဒေသခံများနှင့်ခရီးလားပြည်သူများကို မကြာခဏ စစ်ဆေးမေးမြန်းမှုများ ရှိနေပြီး ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ရေးတင်းမာမှု ဖြစ်ပေါ်လာပြီးနောက်ပိုင်း ပို၍ စစ်ဆေးမှုရှိလာသည်ဟု ဒေသခံများက ပြောဆိုသည်။
မေလကုန်ပိုင်းကလည်း မင်းပြားမြို့နယ် နရမ်းခွဆုံတွင် စစ်ကောင်စီတပ်ဖွဲ့မှ လမ်းသွားလမ်းလာများကို ဆိုက်ကယ်နောက်ဖုံးများနှင့် ကားများကိုပါ ဖွင့်စစ်ခဲ့ပြီး နောက်ပိုင်းတွင် အေအေနှင့် နှစ်ဖက် စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။ ( NN-14)
(ဓာတ်ပုံ- ရခိုင်ပြည်တစ်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားနေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ- မူရင်းပိုင်ရှင်)

ဆက်စပ် သတင်းများ