ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

အမ်းတစ်မိုင်ကုန်းစစ်ဆေးရေးဂိတ်တွင် တာဝန်ကျစစ်သားများက ကားသမားများကိုဘီယာဝယ်တိုက်ခိုင်းခြင်း၊ ဖုန်းဘေလ်ထည့်ခိုင်းခြင်းများ ပြုလုပ်နေသဖြင့် စိတ်အနှောင့်အယှက်ဖြစ်နေကြရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 3.4k

နိရဉ္စရာ၊ ဇွန် ၇/ ၂၀၂၂
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ တစ်မိုင်ကုန်းစစ်ဆေးရေးဂိတ်တွင် လုံခြုံရေးယူနေကြသည့် စစ်ကောင်စီ တပ်သားများက ကားသမားများကို ဘီယာဝယ်တိုက်ခိုင်းခြင်း၊ ဖုန်းဘေဝယ်ခိုင်းခြင်းတို့ကို နေ့စဥ်နေ့တိုင်း ပြုလုပ်ခိုင်းနေသဖြင့် ကားသမားများအနေဖြင့် အထူး စိတ်အနှောင့်အယှက် ဖြစ်နေကြရသည်ဟု သတင်းရရှိသည်။
အမ်း-တောင်ကုတ်သို့ပြေးဆွဲနေသည့် ကားသမားတစ်ဦးက “ကျွန်တော်တို့ ကားထွက်ရင် ဘီယာတွေ တောင်းတာတို့ရှိတယ်။ အောက်ခြေကကောင်တွေက အထက်က ဗိုလ်ကြီးမသိအောင်တောင်းနေတာပါ။ သူတို့ကို ဝယ်မပေးဘူး ဆိုလို့ရှိရင် ကားတွေကိုအကြာကြီးစောင့်ခိုင်းပြီးမှ ပြန်လွှတ်တယ်။ စစ်သားတွေက ကားသမားတွေဆီကနေ တစ်ယောက်ကဘီယာတောင်းလိုက်၊ မိုင်တဲလ် ဖုန်းဘေတောင်းလိုက်နဲ့ နေ့တိုင်း ဒီလို လိုက်တောင်းနေတာပါ။ ကျွန်တော်တို့ အရမ်း စိတ်ညစ်ရပါတယ်။ မဝယ်ပေးဘူးဆိုရင်လည်း ပြဿနာက ရှာသေးတယ် ”ဟုဆိုသည်။
တစ်မိုင်ကုန်းစစ်ဆေးရေးဂိတ်မှာ အမ်းနှင့် တောင်ကုတ်ကားလမ်းပေါ်တွင် တည်ရှိပြီး လုံခြုံရေးယူထားသည့် အင်အား ၁၀ကျော်ခန့်ရှိသည်ဟု ကားသမားများကပြောသည်။
ယခုလိုဘီယာများနှင့် ဖုန်းဘေများကို ဝယ်ခိုင်းခြင်းမှာ စစ်သားများ၏ ပိုက်ဆံဖြင့်မဟုတ်ဘဲ ကားသမားများ၏ပိုက်ဆံဖြင့် ဝယ်ပေးကြရခြင်းဖြစ်ပြီး မဝယ်ပေးပါက အကြောင်းအမျိုးမျိုးပြကာ ကားသမားများကို အချိန်ကြာကြီး ထွက်ခွင့်မပေးဘဲ ပြုလုပ်ထားကြောင်း ကားသမားများက ပြောသည်။
“ ခရီးသည်တင်ကားဘဲဖြစ်ဖြစ်၊ ကုန်တင်ကားဘဲဖြစ်ဖြစ် အဲသလို ညစ်နေတာ။ ဒီလိုမျိုးနေ့တိုင်းလုပ်နေတော့ ကားသမားတွေလည်းကြာလာရင် မခံနိုင်တော့ဘူး။ အထက်လူကြီးတွေ စိစစ်အရေးယူပေးစေလိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
အဆိုပါစစ်ဆေးရေးဂိတ်ရှိ အောက်ခြေတပ်သားများက ယခုလို ပြုလုပ်နေသည်ကို သက်ဆိုင်ရာတာဝန်ရှိသူကိုလည်း မတိုင်ရဲသဖြင့် ပို၍ အတင့်ရဲနေကြကြောင်း နောက်ထပ်ခရီးသည်တင် ကားသမားတစ်ဦးက ပြောသည်။
“ဗိုလ်တွေကိုတိုင်ရင်လည်း သူတို့(အောက်ခြေစစ်သား)ဆီမှာကျွန်တော်တို့ကို အော်ငေါက်ခံရအုံးမယ်။ ကျွန်တော်တို့က ဒီလမ်းကနေ့တိုင်းသွားနေရတာ။ သူတို့နဲ့ပြေလည်အောင် ဆက်ဆံမှ အဆင်ပြေမှာမို့ ဆက်ဆံနေတာ။ ဒါပေမဲ့ နေ့တိုင်းနေ့တိုင်းကျတော့လည်း သိပ်မဆင်ပြေဘူးဗျ။ တစ်ယောက်က ဘီယာ တောင်းတယ်။ ဘီယာတစ်ဘူးကို ၂ထောင်ကျော်တောင်ပေးရတယ်။ပြီးတော့ သူတို့က ဘူးရှည်မှ သောက်တာ။ နောက်ပြီးတော့ မိုင်တဲလ်ကဒ် တောင်းတယ်- တစ်ယောက်က။ နောက်တစ်ယောက်က သူတို့လိုတာကို ဝယ်ခဲ့ဖို့မှာ တယ်ဗျ။ အဲလိုဆိုတော့ လေးငါးခြောက်ထောင် ဖြစ်သွားပြီ။ ကျွန်တော်တို့ ဘယ်လိုလုပ် အဆင်ပြေမလဲ။ ကျွန်တော်တို့က သူတို့ကို မကြည်ဖြူလို့မဟုတ်ဘူး။ တစ်ပတ်မှာ တစ်ကြိမ်ဆိုရင်တော်ပေါ့။ အခုက နေ့တိုင်းနေ့တိုင်း ပေးနေရတာ”ဟုဆိုသည်။
ကားသမားများကို လုံခြုံရေးဂိတ်များတွင် တာဝန်ကျစစ်သားများက လုံခြုံရေး အရ စစ်ဆေးမှုများ ပြုလုပ်သည့်အပေါ်နားလည်ပေး၍ ရသော်လည်း ယခုလိုဘီယာများဝယ်တိုက်ခိုင်းနေခြင်းမှာ ပြည်သူကိုအနိုင်ကျင့်ခြင်း ဖြစ်သည်ဟု အမ်းဒေသခံလူမှုရေးလှုပ်ရှားနေသူ ကိုမျိုးလွင်ကပြောသည်။
“အရက်ဘီယာတွေဝယ်တိုက်ခိုင်းနေတာတွေ၊ မုန့်ဖိုးတောင်းနေတာတွေက တစ်ဖက်သတ်အနိုင်ကျင့်တဲ့ ဆိုးဝါးတဲ့ အပြုအမှုတွေဖြစ်တယ်။ပြီးတော့ ကားသမားတွေမှာက ဆီစျေးကြီးတယ်။ သူတို့လားရေးလာရေး ခက်ခဲတဲ့ အတွက်ကြောင့် ခရီးသည်တွေကလည်း အများကြီးမလိုက်ကြတဲ့အခါမှာ ကားသမားတွေ အရှုံးပေါ်နေတယ်လို့ သိရတယ်။ ဒီလိုအချိန်အခါမှာ လိုင်းကားသမားတွေကို ခြိမ်းခြောက်တဲ့ ပုံစံသဘောမျိုးဖြစ်နေတာပေါ့။ ပြည်သူလူထုကိုလည်း သူတို့ရဲ့ ကန့်သတ်ဆက်ဆံမှုတွေအပေါ်မှာ မေးခွန်း ထုတ်ရမယ့်ပုံစံဖြစ်နေတယ် ”ဟု ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိခဲ့ပါ။
အလားတူ အမ်းပဲပဒုံ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင်လည်း ပစ္စည်းများကို ဓားများဖြင့် ဖွင့်ဖောက်စစ်ဆေးရာတွင် ပစ္စည်းများကို ယူဆောင်မှုများ ရှိနေသဖြင့် ထိန်းသိမ်းကြပ်မတ်ရန်လိုအပ်နေကြောင်း ကုန်သည်တချို့က ပြောဆိုသည်။
(ဓာတ်ပုံ- ရခိုင်ပြည်နယ်အတွင်းရှိ ကားလမ်းပေါ်မှ စစ်ဆေးရေးဂိတ်တစ်ခုကိုတွေ့ရစဉ်)

ဆက်စပ် သတင်းများ