အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

စစ်ကောင်စီခန့် အမ်းမြို့ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဓားထိုးခံရ၍ ပွဲချင်းပြီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 4.2k

နိရဥ္စရာ၊ ဇွန် ၉ / ၂၀၂၂
ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် စစ်ကောင်စီကခန့်အပ်ထားသည့် အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် ယနေ့နံနက်က ဓားထိုးခံလိုက်ရ၍ ပွဲချင်းပြီးသေဆုံးသွားသည်ဟု သိရသည်။
သေဆုံးသွားသူမှာ အသက် ၃၀ ကျော်အရွယ် ဦးပိုင်ပိုင်ဖြစ်ပြီး ၎င်းမှာ အမှတ် ၅ ရပ်ကွက်နှင့် အမှတ် ၄ ရပ်ကွက် ၂ ခုကိုအုပ်ချုပ်နေရသူဖြစ်သည်။
သူသည် ယနေ့ဇွန် ၉ရက် နံနက် ၉နာရီကျော်အချိန်ခန့်တွင် အမ်းမြို့၊ အမှတ် ၅ ရပ်ကွက်ရှိ စစ်မှုထမ်းဟောင်းရုံးနှင့် စွယ်တော်ဘုန်းတော်ကြီးကျောင်းအကြားတွင် ဓားထိုးခံလိုက်ရခြင်းဖြစ်သည်ဟု အမ်းဒေသခံ ကိုမျိုးလွင်က ပြောသည်။
“ဘယ်သူတွေက ဓားနဲ့ထိုးသွားတာလဲဆိုတာတော့ မသိဘူး။ ဓားထိုးခံရတဲ့နေရာမှာပဲ ပွဲချင်းပြီးသေသွားတာ။ သူက စစ်ကောင်စီကခန့်ထားတာဆိုတော့ အာဏာပါဝါတွေလည်း ပြတယ်လို့ကြားသိရတယ်။ အဲဒါကြောင့် သူ့ကိုမကျေနပ်ကြတဲ့သူတွေက လုပ်သွားတာလို့တော့ မှတ်ချက်ပြုလို့ရတာပေါ့။ လူတစ်ယောက်ကို သေလောက်အောင်အထိ ဓားထိုးဖို့ဆိုတာက လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူးလေ”ဟု ဆိုသည်။
ဦးပိုင်ပိုင်မှာ ဓားထိုးခံလိုက်ရ၍ ဒဏ်ရာမည်မျှရရှိကာသေဆုံးသွားသည်ကိုမူ အသေးစိတ်မသိရှိရသေးဟု ကိုမျိုးလွင်က ပြောသည်။
လက်ရှိတွင် ဓားဖြင့်ထိုးသွားသူမှာ ထွက်ပြေးလွတ်မြောက်နေသည်ဟု ကိုမျိုးလွင်က ဆက်ပြောသည်။
“သူက စစ်အာဏာမသိမ်းခင်က သတင်းတွေဘာတွေရေးတင်တာတွေလုပ်တယ်။ ရဲလည်းဖြစ်ခဲ့ဖူးတယ် ထင်တယ်။ တပ်ကိုလည်း အမြဲတမ်းသတင်းပေးနေတဲ့သူဖြစ်တယ်။ သူက လုပ်ငန်းရှင်တွေနဲ့ အဆင်မပြေတာ တွေရှိဖူးတယ်”ဟု ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အမ်းမြို့နယ်ရဲစခန်းနှင့် အမ်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရွှေအေးတို့ကို နိရ ဉ္စရာက အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။ (NN-11)
ဓာတ်ပုံ - သေဆုံးသွားသည့် ဦးပိုင်ပိုင်။

ဆက်စပ် သတင်းများ