ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများ အဂတိကင်းကင်းဖြင့် ဆောင်ရွက်ကြရန် စစ်ကောင်စီဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တိုက်တွန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 8.8k


နိရ ဉ္စရာ၊ ဇွန် ၁၄ / ၂ဝ၂၂
ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် အောက်ခြေအထိ အဂတိကင်းစွာဖြင့် ဆောင်ရွက်ကြရန် စစ်ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တိုက်တွန်းလိုက်သည်။
“ပြည်နယ်အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနအကြီးအကဲများမှ အောက်ခြေအထိ အဂတိတရားကင်းစွာဖြင့် မှန်မှန်ကန်ကန်ဆောင်ရွက်၍ ပြည်သူအပေါ် ဝန်ဆောင်မှုပေးရန် လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ပြည်နယ်၏တိုးတက်ရာ တိုးတက်ကြောင်းအတွက် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်နယ်၏ယုံကြည်ကိုးစားမှုရရှိအောင်ဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်းဖြင့်ပြောကြားခဲ့ကြောင်း” ယနေ့ ဇွန်လ ၁၄ ရက်ထုတ် စစ်ကောင်စီပိုင်သတင်းစာတွင် ထည့်သွင်းဖော်ပြထားသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့သို့ရောက်ရှိခဲ့သည့် စစ်ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယမန်နေ့ ဇွန်လ ၁၃ ရက် နံနက်က စစ်တွေရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခမ်းမတွင် ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ပြောဆိုသွားခြင်းဖြစ်သည်။
ယင်းအပြင် ရခိုင်ပြည်နယ်အစိုးရသည် ပြည်သူအပေါ် မိသားစုစိတ်ဓာတ်ဖြင့်ဦးစီးဦးဆောင်ပြုလုပ်ကာ ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးမှစပြီး ပံ့ပိုးစောင့်ရှောက်ပေးရန်လိုသည်ဟုလည်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆက်လက်ပြောဆိုသွားခဲ့သည်။
ယခုပြောဆိုမှုများအပေါ် ရခိုင်အမျိုးသားပါတီ(ANP)၏ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်ကလည်း “အစိုးရတစ်ရပ်ဆိုတာ ကိုယ်လုပ်နိုင်ကိုင်နိုင်တဲ့အခြေအနေနဲ့အခွင့်အရေးရှိနေချိန်မှာ ကိုယ့်ပြည်သူလူထုအတွက် လက်ရုံးရည်၊ နှလုံးရည်၊ စိတ်ရောကိုယ်ပါ စေတနာအပြည့်အဝနဲ့ ပြည်သူလူထုရဲ့အမျိုးသားအကျိုးစီးပွားအတွက် ဆောင်ရွက်ပေးဖို့၊ လုပ်ကိုင်ပေးဖို့၊ ကာကွယ်ပေးဖို့တော့ လိုတယ်။ ဒါဟာ နိုင်ငံရေးတာဝန်ဖြစ်တယ်။ ဒါကြောင့် နိုင်ငံရေးစိတ်ဓာတ်နဲ့ ပြည်သူလူထုအများရဲ့အကျိုးစီးပွားကို အထူးသဖြင့် ရခိုင်ပြည်ဟာ အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်တဲ့အတွက် အများစုဟာ အားကိုးချင်တဲ့စိတ်ရှိတယ်။ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်းလိုအပ်တယ်။ မိမိတို့အတွက်လည်း အားကိုးတကြီးနဲ့သွားပြီး ပြောဆိုဆွေးနွေးတင်ပြကြတာတွေကိုလည်း စိတ်ရှည်လက်ရှည်နဲ့ စေတနာအသိနဲ့ ရခိုင်ပြည်မှာလိုအပ်တဲ့ဒီကွက်လပ်ကို ပြည့်ပေးဖို့လိုတယ်လို့ ကျနော်တို့အနေနဲ့ကတော့ အဲလိုမျိုးခံစားမိတယ်”ဟု သုံးသပ်ပြောကြားသည်။
ယမန်နေ့က စစ်ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်တွေ့ဆုံပွဲသို့ စစ်ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်အပါအဝင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။ (NN-2)
Photos - MRTV

ဆက်စပ် သတင်းများ