ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

နှစ်ဖက်တပ်ဖွဲ့ဝင်အချင်းချင်းဖမ်းဆီးနေမှုတွင် အရပ်သားပြည်သူများကို ဖမ်းဆီးခြင်းမလုပ်သင့်ဟုပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 10.2k

နိရဥ္စရာ၊ဇွန် ၂၁/၂၀၂၂
ရခိုင်ပြည်နယ်တွင် မြန်မာစစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား နှစ်ဖက်တပ်ဖွဲ့ဝင်များကို အပြန်အလှန် ဖမ်းဆီးနေမှုတွင် စစ်ကောင်စီဖက်မှ အရပ်သားပြည်သူများကို ဖမ်းဆီးနေခြင်းမှာလုံးဝမဖြစ်သင့်ဟု လွှတ်တော် ကိုယ်စားလှယ်ဟောင်းများက ပြောဆိုလိုက်သည်။
ရက္ခိုင့်တပ်တော်(AA)ဖက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးလျှင် စစ်ကောင်စီဖက်မှလည်း ULA/AAအဖွဲ့ဝင်များကိုသာ ဖမ်းဆီးခြင်းမျိုးလုပ်သင့်ကြောင်း၊ ယခုလိုအပြစ်မဲ့ ပြည်သူများကိုဖမ်းဆီး နေခြင်းမှာ လုံးဝမလုပ်သင့်သလို ဖမ်းဆီးနေခြင်းမှာလည်း ပြည်သူများကို ဒုက္ခရောက်အောင်ပြုလုပ်နေခြင်းသာ ဖြစ်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကပြောဆိုလိုက်သည်။
“နှစ်ဖက်ဖမ်းဆီးနေမှုမှာ တစ်ခုပဲကွာတာက စစ်သားနဲ့ရဲသားကို ဖမ်းရင် ဒီဖက်က ULA/AAအဖွဲ့ဝင်ဖြစ်တဲ့ တပ်သား ဖြစ်တဲ့သူတွေကို ဖမ်းရင်တော့ သဘာဝကျပါတယ်။ ပြည်သူတွေကို ဖမ်းနေတာကမဖြစ်သင့်ဘူး။ တစ်ခုခု ဖြစ်ရင် ပြည်သူတွေကို ဖမ်းတယ်ဆိုတာကတော့ မြေဇာပင်ဖြစ်တဲ့ ပြည်သူတွေကို ချပြီးတော့ အခြေအနေ ပိုလို့ဆိုးအောင် ဒုက္ခရောက် အောင်လုပ်တာနဲ့တူတယ်။ စစ်သားအချင်းချင်းသတ်ကြပါ။ တိုက်ကြပါ။ ဖမ်းကြပါ။ ပြည်သူတွေကိုတော့ မထိသင့်ဘူးလို့ပြောချင်ပါတယ်”ဟုဆိုသည်။
ရခိုင်ပြည်နယ်တွင် အကျပ်အတည်အမျိုးမျိုးဖြစ်နေသည့်အချိန်တွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်အချင်းချင်း အပြန် အလှန်ဖမ်းဆီးနေမှုများကို မလုပ်သင့်ကြောင်း၊ ဖမ်းဆီးသည့်နေရာတွင်လည်း အရပ်သားများကို ဖမ်းဆီးခြင်းမျိုး မလုပ်ရန်လည်း လိုအပ်သလို ယခုကာလတွင်လည်း တစ်ဖက်နှင့်တစ်ဖက်အကြား စိတ်ပူပန်ရမည့် သဘောမျိုးတောင် မဖြစ်စေချင်ဟု ရခိုင့်ဦးဆောင်ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ပြောဆိုသည်။
“ကျွန်တော်တို့ပြောနိုင်တာက ရခိုင်ပြည်သူလူထုရဲ့ မျက်နှာ၊ အကျပ်အတည်း ဒီကာလကိုသုံးသပ်ပြီး အထူးသဖြင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်တို့ဆိုတာက မြို့လို့ပြောသော်လည်း စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ မြို့နယ်တွေဖြစ်တဲ့ အခါမှာ စိုက်ပျိုးရေးရာသီအစဖြစ်လို့ လယ်သမားတွေ မစိုက်နိုင်၊မပျိုးနိုင်ဆိုရင် လယ်ယာထုတ်ကုန်နဲ့ ပတ်သက်လို့ ဒုက္ခ၊ သုက္ခလည်းရောက်နိုင်တဲ့အခါမှာ ဒီကာလမှာ ချုပ်တည်းစေချင်တယ်။ ဒီကာလက သတိနဲ့ဆင်ခြင်ရမဲ့ ကာလ ဖြစ်တယ်။ ကျွန်တော်တို့က အခုလိုကာလမှာ စိတ်ပူတဲ့ သဘောမျိုးတောင် တစ်ဖက်နဲ့တစ်ဖက် မဖြစ်စေချင်ပါ။”
ယင်းအပြင် ဒေါက်တာအေးမောင်က ရခိုင်ပြည်နယ်တွင် စစ်မဖြစ်ပွားရေးကို ချုပ်ထိန်းကြစေချင်ကြောင်း၊ တစ်စုံတစ်ရာဖြစ်လာလျှင် လူထုကပဲခံရသည့် အတွက် လူထုနှင့်ပတ်သက်သည့်ကိစ္စတွင် အညင်သာဆုံး ဖြစ်အောင် ညှိနှိုင်းပြီး ပြဿနာများကို ဖြေရှင်းစေလိုသည်ဟုလည်း ပြောဆိုသည်။
“ဖြေရှင်းတဲ့အခါမှာလည်း အောက်ခြေကမပြေလည်ရင် အထက်မှာ လူကြီးပိုင်းတွေ တွေ့ပြီးတော့ပြေလည်မှုရ အောင်ညှိနှိုင်းကြပါ။ တစ်ကယ်လို့ လိုအပ်ရင် ကျွန်တော်တို့လည်း ကြားဝင်ဖြေရှင်းပေးစေလိုပါတယ်။ သို့သော် နှစ်ဖက်က လက်ခံနိုင်မှလေ။ အောက်ခြေအဆင့်က ထိပ်တိုက်တွေ့ကြပြီဆိုရင် အဲဒီပြဿနာကြားတွေမှာ ဝင်လို့ ဖြေရှင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေရှိဖို့ပေါ့။ အဲဒီ ပုဂ္ဂိုလ်တွေနဲ့ မလုံလောက်ပြီလား။ ကျွန်တော်တို့ကိုများဝင်ပေးစေချင်လား။ ကျွန်တော်တို့ကတော့ အဆင်သင့်ပါ ”ဟု ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၁၆ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA)က ပုဏ္ဏားကျွန်းမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဦးကို ဖမ်းဆီး ခဲ့ပြီးနောက် စစ်ကောင်စီဖက်မှလည်း အရပ်သားမြို့ခံ ၄၀ကျော်ကို ဖမ်းဆီးခဲ့သည်။ ယင်းနောက် ၃၀ကျော်ကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျန် ၁၀ကျော်မှာ လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရဆဲဖြစ်သည်။
အလားတူ ဇွန်လ ၂၀ရက်နေ့တွင်လည်း ရက္ခိုင့်တပ်တော်(AA) က ကျောက်တာ် မြို့မရဲစခန်းမှ ဒုရဲအုပ်တစ်ကြီး အပါအဝင် ရဲ ၃ဦးကို ဖမ်းဆီးခဲ့သည့်နောက် ဇွန်လ ၂၁ရက်နေ့တွင် လူမှုရေးတက်ကြွလှုပ်ရှားသူ ကျောက်တော်မြို့ခံ ကိုဇော်ဝင်းကို စစ်ကောင်စီကဖမ်းဆီးခဲ့သလို တခြားအရပ်သား အများအပြားကိုလည်း ဖမ်းဆီးထားပြီး စစ်ကြောရေးတွင် စစ်ဆေးနေသည်ဟု သိရသည်။ ( NN-11)
(ပုဏ္ဏားကျွန်းက ဖမ်းဆီးခံထားရသည့် လူငယ်တစ်ဦး)

ဆက်စပ် သတင်းများ