သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တပ်က ဖမ်းဆီးပြီးနောက် ရခိုင်လူငယ်အများအပြားပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 1.7k

နိရဉ္စရာ၊ ဇွန် ၂၇/၂၀၂၂
စစ်ကောင်စီတပ်ဖွဲ့များ၏ ဖမ်းဆီးခံရပြီးနောက် ရခိုင်လူငယ်အများအပြားသည် မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်းသတင်း ရရှိသည်။
စစ်တွေမြို့တွင် ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေသည့် လူငယ်များမှာ စစ်တွေ မင်းဂံရပ်ကွက်မှ ညီညီ (၁၅) နှစ်၊ မောင်ဟန်စိုး (၁၄) နှစ်နှင့် မောင်သန်းထွန်း (၁၉) နှစ်၊ စစ်တွေဗျိုင်းဖြူရွာက စိုးနိုင်ဝင်း (၁၉) နှစ်နှင့် မောင်စံအေး (၂၀) နှစ်၊ စစ်တွေ ကျေးပင်တန်းရပ်ကွက်မှ မောင်ဖြူ (၂၆) နှစ်၊ ပေါက်တောမြို့နယ် သင်ပုန်းချောင်းကျေးရွာမှ ကျော်သန်းအေး (၁၇) နှစ်၊ မြောက်ဦးမြို့နယ် ဆင်ခြံကျေးရွာက အောင်ဇော်လင်း (၂၀) နှစ်၊ မင်းပြားမြို့နယ်မှ ကျော်အေးလှိုင် (၂၆) နှစ်တို့ ဖြစ်ကြသည်။
ပုဏ္ဏားကျွန်းမြို့နယ်မှ မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည့် လူငယ်များမှာ ပေါက်တောပြင်ကျေးရွာက နိုင်မျိုးထွန်း (၁၈) နှစ်နှင့် မင်းအောင်ခိုင်(၁၇) နှစ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်က ကိုမျိုးသွင် (၂၇) နှစ်တို့ ဖြစ်ကြသည်။
ကျောက်ဖြူမြို့မှ ဖမ်းဆီးခံထားရပြီး ပျောက်ဆုံးနေသည့် လူငယ်နှစ်ဦးမှာ ကျောက်ဖြူမြို့နယ် မူရွင်းကျေးရွာနေ ကိုစိုင်းဝဏ္ဏကျော် (၂၈ နှစ်)နှင့် ကိုထွန်းထွန်းဇော် (၂၀ နှစ်)တို့ဖြစ်ကြသည်။
မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူများအထဲက စစ်ကြောရေး၌ သေဆုံးသွားသူ တစ်ဦးရှိသည်ဟု ကြားသိရကြောင်း ဒေသခံပြည်သူများကိုးကားပြီး ရန်ကုန် ခေတ်သစ် မီဒီယာသတင်း တစ်ပုဒ်တွင် ဖော်ပြထားသည်။
၎င်းပြင် ရခိုင်ပြည်နယ်အတွင်း လူငယ်များသာမက အသက် ၃၀ နှစ်နှင့် အထက် အရပ်သား အများအပြားလည်း ဖမ်းဆီးခံထားရပြီး ထိုအထဲတွင် မြောက်ဦးမြို့ ကျောက်ရာဇ်ကေရပ်ကွက်မှ သုံးဘီးမောင်းသမား ကိုကျော်ဝင်းလှိုင် (၃၂ နှစ်)မှာ ဇွန် ၂၂ ရက်နေ့က ဖမ်းဆီးခံရပြီးနောက် တပ်ရင်း ၅၄၀ သို့ ခေါ်ယူသွားပြီး ယနေ့ အချိန်ထိ ပျောက်ဆုံးနေသည်ဟု ဇနီးဖြစ်သူက ပြောသည်။
ယခု ဖမ်းဆီးခံထားရသူများကို တရားရုံးမတင်၊ ရမန်မယူ၊ ၂၄ နာရီ ပြည့်ပါကလည်း ရဲလက်သို့ မလွှဲပြောင်းဘဲ ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်နေသည်မှာ စစ်တပ်အတွက် အမြဲတမ်း ရိုးနေသည့် လက်သုံး အစဉ်အလာကြီး တစ်ခုဖြစ်နေသည်ဟု ဝါရင့် ရခိုင့်နိုင်ငံရေးသမားလည်းဖြစ်၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးလည်းဖြစ်သည့် ဦးဖေသန်းက ဝေဖန်ပြောဆိုသည်။
“ ဒီနိုင်ငံမှာတော့ ဒီအစဉ်အလာကတော့ စစ်တပ်အတွက်တော့ အမြဲတမ်း ရိုးနေတဲ့ လက်သုံး အစဉ်အလာကြီးတစ်ခုဖြစ်နေတယ်။ ဒါဟာ ဥပဒေကို မလေးမစား မလိုက်နာရာရောက်တယ်ပေါ့။ လူ့အခွင့်အရေးတွေကို ချိုးဖောက်ရာလည်း ဖြစ်တယ်။ ဒီအစဉ်အလာမျိုးကို၊ ဒီလုပ်ရပ်မျိုးကို၊ ဥပဒေမဲ့လုပ်ရပ်မျိုးကို ချိုးဖောက်နေတာတွေကို ဟန့်တားဖို့ဆိုတာက အစိုးရလို့ ခံယူထားတဲ့ စစ်တပ်ကိုယ်တိုင်သာဖြစ်တယ်။ အဲလိုမဟုတ်ရင်တော့ ဥပဒေပြုသူဟာ ဥပဒေကို ဖောက်ဖျက်သူဖြစ်နေတယ်လို့ပဲ ပြောချင်တယ်။”
၎င်းပြင် လက်နက်ကိုင် စစ်တပ်၊ ရဲအဖွဲ့မျာအနေဖြင့်လည်း ဥပဒေကို လေးစားလိုက်နာကြရန် လိုသည်ဟု သူက ဆက်လက် ပြောဆိုသည်။
“အဓိကတော့ ဥပဒေကြောင်းဆိုတာက ဒီ စစ်တပ်ပဲဖြစ်ဖြစ်၊ ရဲပဲဖြစ်ဖြစ် နိုင်ငံတော်က ဖွဲ့စည်းပုံအရ ထုတ်ပြန်ထားတဲ့ ဒီလို အထူးသဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ၊ အုပ်ချုပ်ပုံမှာ ဒါက ၂၄ နာရီထက်ပိုပြီး မထိန်းသိမ်းရဘူးလို့ အဲလိုဟာတွေ ပြဋ္ဌာန်းထားတာတွေရှိတယ်။ ဒါက စစ်တပ်နဲ့လည်း ဆိုင်တယ်။ ရဲနဲ့လည်းဆိုင်တယ်။ အားလုံးအဖွဲ့အစည်းနဲ့ဆိုင်တယ်။ အထူးသဖြင့် ဥပဒေကို ဖော်ဆောင်ကြတဲ့ အဖွဲ့အစည်းနဲ့ ဆိုင်တယ်။ ဒါပေမဲ့ ဒီအစဉ်အလာက ကျနော်တို့နိုင်ငံမှာမရှိဘူး။ အထူးသဖြင့် ဒီ စစ်အစိုးရလက်ထက်မှာ ဒီလို၊ အဆက်ဆက်ပေါ့လေ။ စစ်အစိုးရတွေလုပ်ခဲ့တဲ့ တစ်လျှောက်လုံးမှာ စစ်အစိုးရလက်ထဲမှာ လနဲ့ချီလို့၊ နှစ်နဲ့ချီလို့ တရားရုံးမရောက်ဘူး၊ ဥပဒေဖော်ဆောင်တဲ့ ရဲလက်ကို မရောက်ဘဲ ကြာခဲ့တာတွေရှိတယ်။ နောက်ပြီး အဲလို သူတို့လက်ထဲမှာ သေဆုံးသွားတာတွေ ရှိတယ်” ဟု ဦးဖေသန်းက ပြောဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ဇွန်လလယ်လောက်ကစပြီး ရက္ခိုင့်တပ်တော် (AA) က မြန်မာ့စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များကို ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ကျောက်တော်၊ မြောက်ဦးနှင့် စစ်တွေမြို့တွင် လိုက်လံဖမ်းဆီးမှုများရှိပြီးနောက် မြန်မာစစ်ကောင်စီတပ်ဖွဲ့များကလည်း ၎င်းဖမ်းဆီးမှုအပေါ် တုံ့ပြန်သည့် အနေဖြင့် အေအေနှင့် ဆက်စပ်သည့် သံသယရှိသူ ရခိုင်အရပ်သားများကို လိုက်လံဖမ်းဆီးနေရာ လက်ရှိ အချိန်တွင် ၅၀ ခန့် ရှိနေပြီဟု ရခိုင်လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောဆိုထားသည်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရခိုင်ပြည်နယ်တွင် အေအေနှင့် ပတ်သက်သူများကို တစ်စုံတစ်ရာဖမ်းဆီးမှုမရှိကြောင်း များမကြာမီက ဘီဘီစီကို ပြောဆိုထားသည်

ဆက်စပ် သတင်းများ