သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စကခ(၉)တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ကျောက်တော်မြို့က လူမှုရေးသမားကိုဇော်ဝင်းပါ ၃ ဦးကို ၅ဝ၅(က)နှင့် ၅ဝ၅(ခ)တို့ဖြင့် အမှုဖွင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 9.3k

နိရဉ္စရာ၊ ဇူလိုင် ၁/၂၀၂၂
ရခိုင်ပြည်နယ် ကျောက်တော်မြို့ အခြေစိုက် အမှတ်(၉)စကခအချုပ်တွင် ဖမ်းဆီး ချုပ်နှောင် စစ်ဆေးခံနေသည့် ကျောက်တော်မြို့မှ လူမှုရေး တက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းပါ(၃) ဦးကို စစ်ကောင်စီတပ်က ပုဒ်မ ၅ဝ၅(က)နှင့် ၅ဝ၅(ခ)တို့ဖြင့် ဇွန် ၃၀ ရက်နေ့က အမှုဖွင့်လိုက်သည်ဟု သတင်းရရှိသည်။
ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်း (၄၃ နှစ်)နှင့်အတူ နောက်ထပ် အမှုဖွင့်ခံရသူ နှစ်ဦးမှာ ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာမှ တုတ်တုတ် (အိန္ဒိယသုံးဘီး) မောင်းသူ ဦးကျော်သန်းမောင် (၅၁ နှစ်)နှင့် ပန်းဖဲချောင်းကျေးရွာမှ ဆေးလိပ်ကုမ္ပဏီ ဝန်ထမ်း ကိုဇော်မိုးထက် (၂၈ နှစ်)တို့ ဖြစ်ကြသည်။
သူတို့ ၃ ဦးအနက် ကိုဇော်ဝင်းသည် နိုင်ငံတော်ဆူပူလှုံ့ဆော်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၅ဝ၅(က) ဖြင့်လည်းကောင်း၊ ဦးကျော်သန်းမောင်နှင့် ကိုဇော်မိုးထက်တို့သည် နိုင်ငံတော် အကြည်အညို ပျက်စေမှုပုဒ်မ ၅ဝ၅(ခ)ဖြင့်လည်းကောင်း ကျောက်တော်မြို့မရဲစခန်း၌ အမှုဖွင့်ခံလိုက်ရခြင်း ဖြစ်ကြောင်း ကျောက်တော်မြို့ခံများမှ တဆင့်သိရသည်။
ကျောက်တော်မြို့ခံတစ်ဦးက “မနေ့ကနေ အမှုဖွင့်လိုက်တယ်လို့ နီးစပ်တဲ့ သူတွေကနေတဆင့် သိရတာ။ အမှန်တကယ်ဖွင့်တာ။ လူတွေကိုတော့ စခန်းကိုယူမလာဘူး”ဟု ပြောသည်။
ကိုဇော်ဝင်းကို အရေးယူပေးရန် ကျောက်တော်အခြေစိုက် ခမရ (၃၇၅)မှ ဗိုလ်ကြီးကိုကိုအောင်က လည်းကောင်း၊ ဦးကျော်သန်းမောင်အား အရေးယူပေးရန် ဗိုလ်ကြီးမောင်မောင်နိုင်ကလည်းကောင်း၊ ကိုဇော်မိုးထက်အား အရေးယူပေးရန် ဗိုလ်ကြီး ဝေယံဦးကလည်းကောင်း အသီးသီးတိုင်တန်းခဲ့သည့် အတွက် ယခုကဲ့သို့ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် ၄င်းတို့ ၃ ဦးအား မည်သည့်အတွက်ကြောင့် ယခုပုဒ်မများဖြင့် အမှုဖွင့်သည်ကို မသိရသေးသလို မည်သည့်နေ့တွင် ရုံးတင်စစ်ဆေးမည် ဆိုသည်ကိုလည်း မသိရသေးကြောင်း၊ အဆက်အသွယ်လည်း မရသေးကြောင်း မိသားစုဝင်များက နိရဉ္စရာကို ပြောသည်။
ကိုဇော်ဝင်း၏အမျိုးသမီးဖြစ်သူ ဒေါ်ခင်လှစံက “ကျမကတော့ ကျမ အမျိုးသားကို ရဲစခန်းကို အရင်ရောက်စေချင်ပါတယ်။ သူတို့ရိုက်ပုတ်လို့ ဒဏ်ရာတွေရမှာကိုပဲ ကြောက်တာပါပဲ”ဟု ပြောသည်။
လက်ရှိတွင် ၄င်းတို့ကို လုံခြုံရေး စိုးရိမ်သဖြင့် ကျောက်တော်မြို့မရဲစခန်းသို့ ပို့ဆောင်ခြင်း မရှိဘဲ ကျောက်တော် အမှတ်(၉)စစ်ဆင်ရေး ကွပ်ကွဲမှု ဌာနချုပ်၏အချုပ်တွင် ချုပ်နှောင်ထားသည်ဟု သိရသည်။
ကျောက်တော်မြို့တွင် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဇွန်လ ၂ဝ ရက်တွင် ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားပြီးနောက် နောက်တစ်နေ့ ဇွန်လ ၂၁ ရက်တွင် ဒေသခံများကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု မြို့ခံများက ပြောသည်။
ယင်းအနက် ကိုဇော်ဝင်းကို ဇွန်လ ၂၁ ရက်နံနက်တွင် ကျောက်တော်မြို့ရှိ သူ၏နေအိမ်အတွင်းမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ဦးကျော်သန်းမောင်နှင့် ကိုဇော်မိုးထက်တို့ကို ကျောက်တော်မြို့ အဝင် စိုက်ပျိုးရေးသိပ္ပံလမ်းဆုံ၌ဖမ်းဆီးသွားခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ