အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

AA စခန်းကို ဗုံးကြဲပြီး နောက်တစ်နေ့ ရခိုင်ပင်လယ်ပြင်တွင်စစ်ရေးလေ့ကျင့်မှုကို စကစဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက်ကြည့်ရှု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 9.1k


နိရဉ္စရာ၊ ဇူလိုင် ၆/၂၀၂၂
ဇူလိုင် ၄ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်အနီးရှိ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) နယ်မြေရှိ ရက္ခိုင့်တပ်တော် (AA) တပ်စခန်းတစ်ခုကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်တစ်နေ့တွင် ရခိုင်ကမ်းရိုးတန်းရေပြင်အတွင်း တပ်မတော်(ရေ)၏ စစ်ရေးလေ့ကျင့်ပွဲကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ကြည့်ရှုခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်အနီးရှိ ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ တပ်မဟာ (၅) နယ်မြေရှိ ရက္ခိုင့်တပ်တော် (AA) တပ်စခန်းကိုဇူလိုင် ၄ ရက် နေ့လယ်က စစ်ကောင်စီတပ်ဂျက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲ တိုက်ခိုက် မှုကြောင့် အေအေတပ်ဖွဲ့ဝင် ၆ ဦးကျဆုံးခဲ့ပြီး တခြား ရဲဘော်များလည်း ဒဏ်ရာရရှိခဲ့ကာ အဆောက်အဦတချို့လည်း ပျက်စီးခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားပြီး နောက်တစ်နေ့ ဇူလိုင် ၅ ရက်နေ့တွင် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာ့ရေပိုင်နက်ဖြစ်သည့် ရခိုင်ကမ်းရိုးတန်း ရေပြင်အတွင်းပြုလုပ်သည့် တပ်မတော်(ရေ)၏ ရေပေါ်ရေအောက် ပူးပေါင်းစစ်ဆင်မှုလေ့ကျင့် ခန်း(Sea Shield-2022) လေ့ကျင့်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
၎င်းစစ်ရေးလေ့ကျင့်မှုကိုဇူလိုင် ၁ ရက်နေ့က စတင်ပြုလုပ်နေပြီး ရှေးခေတ် ဗမာသူရဲကောင်း များ၏ အမည်များ ပေးထားသော တိုက်ခိုက်ရေးရေငုပ် သင်္ဘောစစ်ရေယာဉ် (မင်းရဲသိင်္ခသူ)နှင့် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောစစ်ရေ ယာဉ်(မင်းရဲကျော်ထင်) ဖရီးဂိတ် စစ်ရေယာဉ် (ဆင်ဖြူရှင်)၊ ဖရီးဂိတ်စစ်ရေယာဉ် (ကျန်စစ်သား) အပါအဝင် စစ်ရေယာဉ်များ၊ ရဟတ်ယာဉ် အများအပြားပါဝင်သည်ဟု သိရသည်။
အဆိုပါ ရေတပ် စစ်ရေးလေ့ကျင့်ပွဲ ပြုလုပ်နေချိန်တွင် ထိုင်း-မြန်မာနယ်စပ်ရှိ အေအေစစ်စခန်းကို တိုက်ခိုက်မှုမှာ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ပြီး တိုက်ရိုက်မပတ်သက်ကြောင်း ဝါရင့်နိုင်ငံရေးသမား မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ယခုလို သုံးသပ်ပြောဆိုသည်။
"အဲလိုအခြေအနေကတော့ KNU နယ်မြေဘက်မှာ ဖြစ်တဲ့အခြေအနေနဲ့ ရခိုင်ပြည်ထဲမှာ ရေကြောင်းစစ်အင်အားပြပွဲ၊ စစ်ရေးလေ့ကျင့်ပွဲတွေ လုပ်တဲ့အခြေအနေကတော့ သိပ်ပြီးတော့ မတိုက်ဆိုင်ဘူးလို့မြင်တယ်။ ဘာလို့လဲဆိုတော့ ဒီရခိုင်ပြည်မှာကတော့ သူတို့အနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က တိုက်ပွဲတွေဖြစ်ခဲ့တဲ့အချိန်တုန်းက ကြည်း၊ ရေ၊ လေ ဘက်စုံ တိုက်ခဲ့တယ်ပေါ့။ ဒါပေမယ့်မအောင်မြင့်ခဲ့ဘူး။ အဲတော့ဒီတစ်ခါ တိုက်ပွဲတွေ ဖြစ်လာနိုင်ခြေ ရှိတယ်ဆိုတဲ့သဘောနဲ့ သူတို့ရဲ့စစ်ရေးအင်အားကို ပိုပြီးတော့ ရေကြောင်းအင်အားကို သေချာအောင် နောက်သူတို့ လေ့ကျင့်ခန်းတွေ လုပ်လာတယ်လို့ ယူဆလို့ရတယ်။”
ရခိုင်စစ်မျက်နာတွင် စစ်ကောင်စီတပ်အနေဖြင့် ရက္ခိုင့်တပ်တော် (AA) ကို ကြည်းတပ်များအနေဖြင့် တပ်၍ မနိုင်တော့သဖြင့် လေကြောင်းနဲ့ရေကြောင်းကို အဓိကထားပြီး စစ်ဆင်ရေးလုပ်လာနိုင်သည်ဟု ဦးဖေသန်းက ပြောကြားသည်။
“ ရခိုင်မှာက ကုန်းကြောင်းနဲ့တိုက်ပွဲတွေက နည်းသွားတာပေါ့နော်။ ဘာလို့လဲဆိုတော့ ဗမာစစ်တပ် အနေနဲ့လည်းပဲ ULA/AA ကို ကြည်းကြောင်း အနေနဲ့၊ ကုန်းကြောင်းအနေနဲ့ ယှဉ်ပြီးတော့ မတိုက်နိုင်ဘူးဆိုတာ သူတို့ သိတယ်။ ဒါကြောင့် လေကြောင်းနဲ့ရေကြောင်းကို အဓိကထားပြီးတော့ သူတို့ဘက်က စစ်ဆင်ရေးလုပ်လာနိုင်တယ်ပေါ့။ အဝေးကနေပြီးတော့လည်း လက်နက်ကြီးတွေနဲ့ ပစ်လာနိုင်တယ်။ အဲလိုအနေအထားမျိုး ရေကြောင်း အားသာချက်ကို ရယူဖို့ကြိုးစားတယ်လို့ပဲ မြင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရခိုင်ပြည်နဲ့ပတ်သက်ပြီးတော့ သူတို့ဘက်က အမြဲတမ်းစစ်ရေး အဆင်သင့် လုပ်နေတယ်။ တစ်နေ့နေ့တစ်ချိန်ချိန် ဖြစ်လာလိမ့်မယ်ဆိုတာလည်း သူတို့ဘက်က တွက်ဆထားပြီး ဖြစ်တယ်လို့ပဲ ကျနော်မြင်ပါတယ်” ဟု ဦးဖေသန်းက ပြောဆိုသည်။
ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်ကောင်စီတပ်တို့အကြား ၂၀၂၀ နိုဝင်ဘာလကစပြီး နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲထားသော်လည်း ဇူလိုင် ၄ ရက်နေ့က အေအေစခန်းကို စကစလေတပ်က ဗုံးကြဲတိုက်ခိုက်သည့် ဖြစ်စဉ်မျိုး၊ အပြန်အလှန် ဖမ်းဆီးသည့် ဖြစ်စဉ်မျိုး အပါအဝင် တစ်ခြား ဖြစ်စဉ် များလည်း အများအပြားရှိနေသဖြင့် စစ်ရေးတင်းမာမှုများ တစ်နေ့ထက် တစ်နေ့ ဖြစ်ပေါ်လျှက်ရှိသည်ဟု သိရသည်။
လက်ရှိ ရေတပ် စစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ မီဒီယာများက "မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းအရှည်သည် မိုင်ပေါင်း ၁၃၀၀ ခန့်ရှိပြီး ရေပြင် ပိုင်နက်အနေဖြင့် စတုရန်မိုင်ပေါင်း ၁၄၄၀၀၀ ကျော် ကျယ်ဝန်းပြီး မြန်မာ့ရေပြင်ပိုင်နက်ကို တပ်မတော်(ရေ) တစ်ခုတည်းဖြင့် စိုးမိုးမှုရရန် ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း၊ လက်ရှိအခြေအနေတွင် တပ်မတော် (ရေ)ကို ပထမအဆင့်အနေဖြင့် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်ကို အပြည့်အ၀ ကာကွယ်နိုင်ရေး သုံးဘက်မြင် စစ်ဆင်နိုင်စွမ်းရှိသည့် (Three Dimensional combat ready Navy) အဖြစ် မျှော်မှန်းဆောင်ရွက်လျက်ရှိသည်" ဟု ဖော်ပြထားသည်။

ဆက်စပ် သတင်းများ