ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

AA ခေါင်းဆောင်အဆင့်ရှိသူတွေ တပ်မတော်ကိုထိကပါးရိကပါး ရန်စမှုလုပ်ခဲ့ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 8.3k

နိရဉ္စရာ၊ ဇူလိုင် ၂၆
ရက္ခိုင့်တပ်တော် (AA) ခေါင်းဆောင်အဆင့်ရှိသူများအနေဖြင့် တပ်မတော်ကို ထိကပါးရိကပါး ရန်စမှု ပြုလုပ်ခဲ့သည်ဟု စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ ဇူလိုင် ၂၆ ရက်နေ့တွင်ပြုလုပ်သည့် စကစ သတင်းထုတ်ပြန်ရေးအဖွဲ့၏(၁၈)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားခဲ့သည်။
" ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးကိုမလိုလားတဲ့ ပြည်ဖျက် ဒလက် (ဒလန်) အချို့ကလည်း သတင်းတု၊ သတင်းမှားတွေနဲ့ တစ်ဖက်နဲ့တစ်ဖက် အထင်အမြင် လွဲမှားအောင် သံသယစိတ်နဲ့ စစ်မီး မတောက်တောက်အောင် တွန်းပို့ခဲ့တာမျိုးတွေ တွေ့ရပါတယ်။ AA ဘက်က ခေါင်းဆောင် အဆင့်ရှိတဲ့ လူတွေကလည်း တပ်မတော်ကို ထိကပါးရိကပါး ရန်စမှုတွေ လုပ်ခဲ့တာကို သတိပြုမိကြမယ် ထင်ပါတယ်" ဟုပြောသည်။
၎င်းပြင်တည်ငြိမ်စပြုနေသည့် ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်(AA) က အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဖမ်းဆီးမှုများရှိခဲ့သည်ဟု ပြောဆိုသည်။
“တည်ငြိမ်စပြုချိန်မှာပဲ ပြီးခဲ့တဲ့ လအချို့ကစပြီး AA အဖွဲ့က အပြစ်မဲ့ ပြည်သူ တချို့ကို ဖမ်းဆီးတာတွေ၊ နိုင်ငံ့ဝန်ထမ်းတွေကိုဖမ်းဆီးတာတွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးတာတွေ စလုပ်လာပါတယ်” ဟု ဆိုသည်။
ဇူလိုင်လ ၁၈ ရက်နေ့က မောင်တောမြို့နယ်၊ ဒုံးကုလားရွာနန့် ဝက်ကျိန်းရွာ အကြားတွင် တကြိမ် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ပူးပေါင်းတပ်ဖွဲ့နှင့် ရက္ခိုင့်တပ်တော်တို့အကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲတွင် ရဲမှူးတယောက် အပါအဝင်သုံ့ပန်း စုစုပေါင်း(၁၄)ဦးကို AA ကလက်နက်ခဲယမ်း အများအပြားနှင့်ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီတပ်သား ၁၆ ဦး အလောင်းကို ရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခက ထုတ်ဖော် ပြောဆိုထားသည်။
ယင်းတိုက်ပွဲနှင့် ပတ်သက်ပြီးလည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက “တပ်မတော် အနေနဲ့ ဒေသခံ ရခိုင်လူထုရဲ့ အကျိုးကိုရှေးရှုပြီး စိတ်ရှည်သည်းခံ ခဲ့ပါတယ်။ ဒါပေမယ့် AA အဖွဲ့က မလုပ်သင့် မလုပ်ထိုက်တဲ့ ရန်စမှုကို ဇူလိုင်က ၁၈ ရက်နေ့ မောင်တောမြို့နယ်အတွင်း နေရာနှစ်ခုမှာ လုပ်ဆောင်ခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ကျဆုံးပြီး တချို့ဖမ်းဆီးခံခဲ့ရပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
၎င်းမောင်တောမြို့နယ် တိုက်ပွဲများနှင့် ပတ်သက်ပြီး ဇူလိုင် ၄ ရက်နေ့ ထိုင်း-ကရင်နယ်စပ်နား KNLA တပ် မဟာ(၅) ဧရိယာ အတွင်းရှိ ရက္ခိုင့်တပ်တော် တပ်စခန်းတခုအား စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်(၂)စီးဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် ရဲဘော် ၆ ဦးသေဆုံးမှုအပေါ် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု ဦးခိုင်သုခက ပြောဆိုထားသည်။
၎င်းပြောစကားအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရက္ခိုင့်တပ်တော်တပ်စခန်း ကရင်ပြည်နယ်တွင် ရှိသည်ကို ယခင်က မကြားဖူးကြောင်း၊ တပ်မတော် အနေနှင့် လိုအပ်သည့် စစ်ဆင်ရေးလုပ်ရာတွင် မည်သည့် တိုင်းရင်းသား၊အဖွဲ့အစည်း၊တပ် ကိုမှ မရည်ရွယ်ဘဲ အကြမ်းဖက် အဖွဲ့အစည်းကို တိုက်ခိုက်ရန်စစ်ဆင်ရေးလုပ်ခြင်းသာဖြစ်ကြောင်း၊ AA အနေနှင့် ကရင်ပြည်နယ်တွင် စက်ချုပ်နေသည်ဆိုခြင်းမှာ ယုတ္တိရှိသလားဟု မေးခွန်းထုတ်သည်။
"အခု AA ကပြောနေတဲ့ KNU တပ်မဟာ ၅ ဆိုတာထက် လိုအပ်တဲ့ နေရာတွေကို ဆောင်ရွက်ရခြင်းပဲ ဖြစ်ပါတယ်။ ထိခိုက်သေဆုံးမှုတွေ ရှိလာတဲ့အချိန်ကျမှ AAတပ်ဖွဲ့ဝင်တွေပါ။ စက်ချုပ်နေကြတဲ့ သူတွေပါဆိုတဲ့ အဖြေဟာ ရိုးသားမှုရှိပါသလား။ ပြန်ဆန်းစစ်စေလိုပါတယ်။ ရခိုင်ပြည်နယ် ထဲမှာ ရှိနေတဲ့ AA အဖွဲ့၊ ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိနေတဲ့ AA အဖွဲ့တွေအတွက် ကရင်ပြည်နယ်မှာ စက်လာချုပ်နေတယ်ဆိုတာကရော ယုတ္တိရှိပါသလားလို့ ကျနော်ပြောလိုပါတယ်"ဟု ပြောဆိုသည်။
လက်ရှိ ရခိုင်မှာ ရက္ခိုင်တပ်တော်က စစ်တပ်နှင့် ပတ်သက်သူများကို ဖမ်းဆီးနေပြီး စစ်ကောင်စီတပ်ဘက်လည်း အေအေနှင့် ဆက်သွယ်မှု ရှိသည်ဟု သံသယရှိသူ အရပ်သားများကို ဖမ်းဆီးနေပြီး အပြန်အလှန် ဖမ်းဆီးမှုများနှင့် အတူ စစ်ရေးတင်းမာများရှိနေသည်။
ပြီးခဲ့သည့် ဇူလိုင်လ၂၄ ရက်နေ့ကလည်း ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။ (NN-7)

ဆက်စပ် သတင်းများ