ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ကျောက်တော် နဂရာကျေးရွာထဲသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ မိသားစုဝင် ၄ ဦး ပြင်းထန်ဒဏ်ရာရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 6.1k

နိရဥ္စရာ၊ စက်တင်ဘာ ၂၀/၂၀၂၂

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကုလားတန်မြစ်အထက်ပိုင်းရှိ နဂရာကျေးရွာထဲသို့ ယနေ့ညနေပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ မိသားစုဝင် ၄ ဦး ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်ဟု သိရသည်။

ဒဏ်ရာရရှိသွားသူများမှာ အဆိုပါကျေးရွာမှ ဒေါ်မယဉ်ဦး (၆၅နှစ်)၊ သူမ၏သမီး ဒေါ်ဦးယဉ်သန်း (၄၄ နှစ်)၊ ဒေါ်ဦးယဉ်သန်း၏သားများဖြစ်သော ၁ဝ တန်းကျောင်းသား မောင်မျိုးနိုင်ဝင်း (၁၈ နှစ်)နှင့် ၆ တန်းကျောင်းသား မောင်မင်းဟိန်းစိုး (၁၄ နှစ်)တို့ဖြစ်ကြသည်။

သူတို့သည် ယနေ့ညနေ ၄ နာရီခွဲခန့်တွင် နေအိမ်အတွင်းရှိနေချိန် စကခ(၉) ကင်းစခန်းဘက်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့သည့်အတွက် ယခုကဲ့သို့ ထိခိုက် ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သည့်ရွာသားတစ်ဦးက နိရဥ္စရာကို ပြောသည်။

သူတို့က မိသားစုအားလုံး ထိုင်စကားပြောနေချိန်မှာ မထင်မှတ်ဘဲ အခုလို ကျရောက်ပေါက်ကွဲခဲ့တာ။ အိမ်လည်း နည်းနည်း ပျက်စီးသွားတယ်ဟု ပြောသည်။

ဒဏ်ရာရသူများအနက် ဒေါ်မယဉ်ဦးတွင် ဒဏ်ရာပြင်းပြီး ကျောကုန်းနှင့် ဝမ်းဗိုက်အနီးတွင် ဒဏ်ရာရရှိသွားသည်ဟု ဆိုသည်။

အလားတူ ဒေါ်ဦးယဉ်သန်းတွင် ဘယ်ဘက်လက်တံတောင်ဆစ်၊ မောင်မျိုးနိုင်ဝင်းတွင် ဦးခေါင်းနှင့်ကျောကုန်း၊ မောင်မင်းဟိန်းစိုးတွင် ဘယ်ဘက်လက်နှင့် ဝမ်းဗိုက်တို့တွင် ဒဏ်ရာအသီးသီးရရှိသွားသည်ဟု သိရသည်။

လက်ရှိတွင် ကျောက်တော်သို့ လမ်းပိတ်ထားသည့်အတွက် သူတို့သည် ရွာရှိ သူနာပြုနှင့် ကုသမှုခံယူနေရသည်ဟု ရွာသားများက ပြောသည်။

ဒေါ်ဦးယဉ်သန်း၏အမျိုးသားသည် လက်ရှိတွင် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူဖြစ်သည်ဟုလည်း သိရသည်။

နောက်ထပ်ဒေသခံတစ်ဦးကလည်း လက်နက်ကြီးသည် အဆိုပါနေအိမ်သို့ ၁ လုံးအပြင် ရွာပြင်ဘက်သို့ နောက်ထပ် ၂ လုံးလည်း ကျရောက်ပေါက်ကွဲခဲ့သေးသည်ဟု ပြောသည်။

အဆိုပါနဂရာကျေးရွာသည် စကခ(၉) တပ်နှင့် ကင်းစခန်းအနီးတွင်တည်ရှိပြီး ယခုကျရောက်သည့် လက်နက်ကြီးများ သည်လည်း အဆိုပါတပ်က ပစ်ခတ်ခြင်းဖြစ်သည်ဟုလည်း ရွာသားများက ဆိုသည်။

ယမန်နေ့က စကခ(၉) တပ်အနီး ကုလားတန်မြစ်တွင် ရပ်နားထားသည့် စစ်ဇက်ရေယာဉ် ၂ စီးသည် AA ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည့်အတွက် စစ်ကောင်စီတပ်က အငြိုးဖြင့် ယခုကဲ့သို့ လူနေကျေးရွာများသို့ လက်နက်ကြီးများ ပစ်ခတ်နေခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ပြောဆိုကြသည်။

ဆက်စပ် သတင်းများ