ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်လက်ကျန်ဗုံးသီးကိုင်ကြည့်ရာမှ ပေါက်ကွဲမှုဖြစ်၍ မူဆလင်လူငယ် ၆ ဦးဒဏ်ရာရ၊ ဆင်းရဲချို့တဲသူများဖြစ်ကြ၍ ဆေးကုသမှုခံယူရန် ငွေကြေးအခက်ခဲရှိနေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 998

ဆောင်းဇာခြည်

နိရဉ္စရာ၊ ဧပြီ ၉/ ၂၀၂၁

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ တောင်ရွာ (မူဆလင်)ကျေးရွာတွင် လူငယ်များက ဟင်းခင်းထဲမှ ကောက်ရသည့် စစ်ပွဲကျန် ဗုံးသီးတစ်လုံးကို ကိုင်ကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး လူငယ် ၆ ဦး ဒဏ်ရာရရှိသွားသည်ဟု သတင်းရရှိသည်။  ၎င်းဖြစ်စဉ်မှာ ယမန်နေ့ (ဧပြီ၈ရက်) နေ့လယ် ၁၂ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသွားသည့် လူငယ် ၆ ဦးမှာ မအိမ်ပိယပ် (၁၆) နှစ်၊ မဖေရိုစ်ဒိုး (၁၃) နှစ်၊ မအစ်မိဒါ (၁၆) နှစ်၊ မောင်အေနာမူ (၁၁) နှစ်၊ မောင်ရာဟမ်နုရ် (၁၀) နှစ်နှင့် မဆုပါရာ (၁၃) နှစ်တို့ဖြစ်ကြောင်း တောင်ရွာကျေးရွာ တာဝန်ခံ ဦးနုရ်ရာမစ်က နိရဉ္စရာသတင်းဌာသို့ ပြောသည်။

ရွာအရှေ့ဘက်မှာရှိတဲ့ ဟင်းခင်းထဲကို သွားကြတာ။ နေ့တိုင်းသွားတာ ဘာမှမဖြစ်ဘူး။ မနေ့ကတော့ ကံဆိုးတယ်ပြောရမှာပါပဲ။ အဲဒီနားမှာ တိုက်ပွဲတွေဖြစ်တုန်းက ကျန်ခဲ့တဲ့ လက်နက်ကို ကလေးတွေရလို့ ကိုင်လိုက်တာ။ အဲဒါက သုံးလက်မလုံးပတ်ခန့်ရှိမယ်။ အဲဒါကို ကိုင်ကြည့်လို့ ပေါက်ကွဲသွားတာ။ ရွာနဲ့ ပေါက်ကွဲတဲ့နေရာက ၁ ဖာလုံခွဲလောက်ပဲဝေးတော့ ပေါက်ကွဲတဲ့ အသံကို ရွာက  အကျယ်ကြီး ကြားရတယ်ဟု ကျေးရွာတာဝန်ခံက ပြောသည်။

ဒဏ်ရာရသူ ၆ ဦးထဲတွင်  မောင်ရာဟမ်နုရ် (၁၀) နှစ်နှင့် မဆုပါရာ (၁၃) နှစ်တို့မှာ ဒဏ်ရာ အနည်းငယ်သာရရှိသွားပြီး ကျန် ၄ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ဘူးသီးတောင်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေကြောင်းသိရသည်။  

အခု ဒဏ်ရာရသွားတဲ့သူတွေက အိမ်ထောင်စုနှစ်ခုက မောင်နှမတွေပါ။ သူတို့လည်း အဲလောက်ထိ ချမ်းသာတဲ့သူတွေ မဟုတ်ပါဘူး။ ဒီနေ့ရှာ ဒီနေ့စားရတဲ့သူတွေပါ။ ဆေးရုံမှာ ဆေးကုဖို့ အခက်ခဲ ရှိပါတယ်။ အလှူရှင်တွေအနေနဲ့ နည်းနည်းအကူညီရမယ်ဆိုရင် ဆေးကုလို့ရပါမယ်။ မဟုတ်ရင် သူတို့ဒုက္ခရောက်ကြမယ် ဟု ပြောသည်။

ဒဏ်ရာရရှိသွားသူများကို ယမန်နေ့ နေ့လယ် ၁ နာရီခန့်ကတည်း ဘူးသီးတောင်ဆေးရုံသို့ ကားဖြင့် ယူဆောင်ခဲ့သည်ဟု ဆိုသည်။

စိုင်းတင်တံတားအနီးသို့အရောက်တွင် ဒဏ်ရာအနည်းငယ်ရရှိသွားသည့် မောင်ရာဟမ်နုရ်နှင့် မဆုပါရာကို တပ်မတော်သားများက ဆေးကုသပေးမည်ဟုဆိုကာ ခေါ်ဆောင်ထားလိုက်ကြောင်း ကျေးရွာတာဝန်ခံက ဆက်လက် ပြောဆိုသည်။

ဒဏ်ရာရရှိသွားသူများမှာ ခြေ၊ လက်၊ ဗိုက်၊ ဦးခေါင်း၊ ကျောကုန်းတို့တွင် ဒဏ်ရာအသီးသီးရရှိ သွားခြင်းဖြစ်ကြောင်း မအိမ်ပိယပ်၏  ဖခင် ဦးဟာဆောန်ရှော်ရိပ်က ပြောသည်။

ကျွန်တော့်သမီးမှာ ရင်ဘတ်တွေကိုလည်း ဒဏ်ရာရသွားပါတယ်။ ဒဏ်ရာရတဲ့နေရာက များပါတယ်။ ဆေးရုံမှာကလည်း ဘယ်နှစ်ရက်ကြာ နေရမယ်မှန်း မသိရဘူး။ သမီးအတွက် တချို့ဆေးတွေကိုတော့ ဆေးရုံက အခမဲ့ပေးပါတယ်။ အပြင်ကသွားဝယ်ရတာ တချို့ရှိတယ်။ အဲဒါတွေကိုကျတော့ ငွေမတတ်နိုင်ဘူး။ ကျွန်တော်တို့မှာက ထမင်းနှစ်ထပ် ပုံမှန်စားရဖို့တောင် အခက်ခဲရှိနေတာပါဟု ပြောသည်။

တောင်ရွာကျေးရွာတွင် စစ်လက်နက်အကြွင်းအကျန်ပေါက်ကွဲ၍ မူဆလင်လူငယ်  ၆ ဦး ဒဏ်ရာရရှိသွားသည်မှာ မှန်ကန်ကြောင်း ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရွှေလှအောင်က နိရဉ္စရာသတင်းဌာနသို့ အတည်ပြုပြောသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားသည့်  ၂ နှစ်တာ ကာလအတွင်း မြေမြှပ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများ ပေါက်ကွဲ၍ လူပေါင်း ၄၄ ကျော်သေဆုံးခဲ့ပြီး လူပေါင်း ၈၇ နီးပါးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ၏ စာရင်းအရ သိရသည်။

ဆက်စပ် သတင်းများ